DVB Logo
Home
Lead Story
သမားရိုးကျစစ်ပွဲအဆင့်သို့ တက်လှမ်းရန် စိုင်းပြင်းလာသော တပ်မဟာစုဖွဲ့မှုများနှင့် ကြုံတွေ့လာရနိုင်သော အခက်အခဲများ
DVB
·
August 31, 2023
သမားရိုးကျစစ်ပွဲအဆင့်သို့ တက်လှမ်းရန် စိုင်းပြင်းလာသော တပ်မဟာစုဖွဲ့မှုများနှင့် ကြုံတွေ့လာရနိုင်သော အခက်အခဲများ
Donate to DVB

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ယင်းမာပင်ခရိုင်က တပ်ရင်းတွေကို စုစည်းပြီး တပ်မဟာ ဖွဲ့စည်းကြောင်း သတင်းတပုဒ် ဖတ်လိုက်ရပါတယ်။

တဆက်တည်း တွေးမိတာကတော့ ပြည်သူ့ခုခံတော်လှန်စစ်ဟာ ပြောက်ကျားခြွေစစ်အဆင့်ကနေ တက်ပြီး ရင်ဆိုင်စစ် အမျိုးအစားဖြစ်တဲ့ သမားရိုးကျစစ်ပွဲကြီးအဆင့်ကို တက်လှမ်းဖို့ အားယူလာတယ် ဆိုတာပါပဲ။

နှစ်နှစ်ကျော် ကာလပတ်လုံး လက်နက်အင်အား မမျှတမှုကြောင့် မိုင်းစစ်ဆင်ရေး၊ ချုံခိုတိုက်ခိုက်ခြင်းတွေနဲ့ပဲ စစ်ကောင်စီကို တိုက်ခိုက်နေခဲ့ရာက လက်ရှိအချိန်မှာတော့ အတော်အတန် ပစ်အားနဲ့ စစ်ကစားနိုင်လာစ အခြေအနေလို့ ယူဆနိုင်ပါတယ်။

ဒါ့အပြင် ခြေလျင်ပစ်ကူဖြစ်တဲ့ စိန်ပြောင်းတွေ ဖောဖောသီသီ သုံးလာနိုင်တာ၊ ဒရုန်းနဲ့ စစ်ပွဲအလှည့်အပြောင်းကို ပုံဖော်နိုင်လာတာကလည်း စစ်ပွဲနောက်တဆင့် တက်ဖို့ရာ အကူအပံ့ ဖြစ်လာစေတယ်လို့ ပြောရပါမယ်။

စစ်ပွဲနောက်တဆင့်ဖြစ်တဲ့ သမားရိုးကျ စစ်ပွဲအဆင့်ကို တက်ဖို့နဲ့ အင်အားထုနဲ့ ထိုးစစ်ဆင်နိုင်ဖို့ရာ တပ်မဟာစုဖွဲ့မှုတွေလုပ်ကြဖို့ ကျယ်ကျယ်ပြန့်ပြန့် ဆော်သြနေကြတာလည်း လေ့လာတွေ့ရှိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းပေါင်း ၃၀၀ ကျော်ကို စုစည်းပြီး ဗျူဟာ/တပ်မဟာများ စုဖွဲ့ဖို့ရာ အဓိက လုပ်ဆောင်နေကြောင်း အတိအလင်း ပြောကြားထားတာကို လေ့လာတွေ့ရှိရပါတယ်။

ဒီလိုစုဖွဲ့ဖို့အတွက်လည်း မဟာဗျူဟာ/နည်းဗျူဟာ လေ့လာသင်ကြားစေတာ၊ ဆေးတပ်ဖွဲ့၊ ဒရုန်းတပ်ဖွဲ့၊ လက်နက်ကြီးတပ်ဖွဲ့ စသဖြင့် ပြင်ဆင်နေကြောင်းကို သတင်းထုတ်ပြန်ထားပါသေးတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပိုမိုကြီးမားတဲ့ စစ်ရေးအောင်မြင်မှုတွေကို အာသာငမ်းငမ်း ဆာလောင်နေကြပြီဆိုတာနဲ့ အင်အားထုနဲ့ ထိုးစစ်ဆင်ဖို့ရာ စိုင်းပြင်းနေကြတာကြောင့် ဗျူဟာ/တပ်မဟာ စုဖွဲ့မှုဟာ အဓိကကျတဲ့ ခြေလှမ်းတရပ် ဖြစ်လာတာပါ။

ဆိုတော့ ယင်းမာပင်ခရိုင်ရဲ့ တပ်မဟာဖွဲ့စည်းလိုက်ပုံဟာ ဘယ်လိုစုဖွဲ့မှုမျိုးလဲ၊ တပ်မဟာရဲ့ သဘောတရားတွေက ဘာတွေလဲ၊ အုပ်ချုပ်ရေးအဓိကလုပ်တဲ့ တပ်မဟာလား၊ လှုပ်ရှားတပ်မဟာလား စသဖြင့် မေးခွန်းပေါင်းစုံ ပေါ်လာစေတဲ့အပြင် တပ်မဟာတခုနဲ့ ဘယ်လိုစစ်ဆင်မလဲဆိုတဲ့ စစ်ရေးသဘောတရားတွေရော ကောင်းကောင်းလေ့ကျက်နိုင်ပြီလား ဆိုတာ လေ့လာသုံးသပ်စရာများ ဖြစ်လာပါတယ်။

ပစ်ကောက်ပြေး (hit – pick – run) နဲ့ အမာရှောင် အမွတိုက် ပြောက်ကျားခြွေစစ်အဆင့်မှာ အောင်မြင်နေပေမဲ့ ဗျူဟာမြောက် “ထု” နဲ့ ထိုးစစ်ဆင်နွှဲနိုင်ဖို့ အတွက်ကတော့ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။ အထူးသဖြင့် ဗျူဟာစုဖွဲ့မှု၊ တပ်မဟာစုဖွဲ့မှုနဲ့ ပတ်သက်ပြီး ကျယ်လောင်တဲ့ ဆွေးနွေးမှုများ၊ ထုတ်ပြန်ပြောဆိုချက်တွေ ထွက်ပေါ်လာပေမဲ့ အောက်ပါအချက်တွေက စုဖွဲ့မယ့် ဗျူဟာ/တပ်မဟာတွေ အတွက် အဓိက စိန်ခေါ်မှုတွေ ဖြစ်တယ်ဆိုတာပါပဲ။

ထောက်ပံ့ပို့ဆောင်နိုင်ရေးစီမံချက် (Logistic) ဟာ တပ်မဟာတခု ထိုးစစ်ဆင်နိုင်ဖို့အတွက် အဓိက အရေးပါတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ စစ်မဖြစ်မီကပင် ထောက်ပို့နိုင်စွမ်းကို ကြည့်ပြီး အနိုင်အရှုံး ဆုံးဖြတ်လို့ရပြီဆိုတာ လက်တွေ့မှာ မှန်ကန်တဲ့အချက် ဖြစ်ပါတယ်။ နောက်တခုက အမိန့်ပေးကွပ်ကဲမှု (Chain of Command) ဖြစ်ပြီး တပ်မဟာတခုအတွက် အမိန့်စီးဆင်းမှု အခြေအနေ အားကောင်းမကောင်းက ထိုးစစ်ဆင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်။ တပ်အင်အားကို ဘယ်လိုချွေတာမလဲ၊ ဘယ်နေရာတွေမှာ ပုံအောမလဲဆိုတဲ့ (Economy of Force) သဘောတရားကလည်း ဘယ်လောက်အထိ စစ်ဆင်နိုင်မလဲ၊ နည်းဗျူဟာ ကစားကွက် ဖော်နိုင်မလဲဆိုတာအပေါ် သက်ရောက်မှု ဖြစ်စေပါတယ်။ ရည်မှန်းချက် တိကျခိုင်မာမှု (Objectives)၊ ရိုးရှင်းမှု (Simplicity)၊ စုပေါင်းအင်အား (Mass)၊ ထိုးစစ်ဆင်နိုင်စွမ်း (Mass)၊ ပေါင်းစည်းကွပ်ကဲမှု (Unity of Command)၊ စစ်ရေးအရ လွတ်လပ်စွာ စစ်ကစားနိုင်မှု (Maneuver)၊ ရန်သူထင်မထားတဲ့ ပစ်မှတ်တွေကို လျှပ်တပြက် အလစ်တိုက်ခိုက်နိုင်မှု (Surprise) စသဖြင့် အကျယ်ချဲ့ ပြင်ဆင်လေ့လာဖွယ်တွေ ရှိပါတယ်။

စစ်ရေးမှာ သေနတ်ပစ်တတ်ရုံနဲ့ စစ်တိုက်လို့မရဘဲ စစ်ရေးသဘောတရားတွေ လေ့လာပြီး လက်တွေ့ မြေပြင်အခြေအနေနဲ့ ကိုက်ညီအဆင်ပြေအောင် ကျင့်သုံးမှသာ စစ်ပွဲတရပ် အောင်မြင်နိုင်တာပါ။ ဆိုခဲ့တဲ့အချက်တွေ စိန်ခေါ်မှုတွေအတွက် ဘယ်လိုဖြေရှင်းဖို့၊ အချိန်ကာလ ဘယ်လောက်ယူ တည်ဆောက်ဖို့ဆိုတာက PDF  တော်လှန်ရေးတပ်ရင်း/တပ်ဖွဲ့တွေက အတွေ့အကြုံနဲ့ ဆည်းပူးသင်ယူထားမှု အားနည်းနေပေမဲ့ ဖြေရှင်းသွားနိုင်ကြလိမ့်မယ် ဆိုတာလည်း ယုံကြည်ထားပါတယ်။ ၂၀၂၃ ခုနှစ်က စစ်အီနေတယ်၊ ကြန့်ကြာနေတယ်လို့ ဆိုနိုင်ပေမဲ့ နောက်တဆင့်ဖြစ်တဲ့ သမားရိုးကျစစ်ပွဲတွေအဆင့် (Conventional Warfare) ကို ဘယ်လို တက်လှမ်းလာမလဲဆိုတဲ့ မေးခွန်းအတွက် တပ်မဟာစုဖွဲ့မှုတွေက ခြေလှမ်းအစပဲ ဖြစ်တယ်လို့ ယူဆပါတယ်။

စစ်ကောင်စီအနေနဲ့ကလည်း တပ်ဖွဲ့စည်းပုံ ပျက်နေပြီး နည်းဗျူဟာအရ စစ်ကစားနိုင်စွမ်း နိမ့်ပါးလာနေချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ဗျူဟာ/တပ်မဟာ စုဖွဲ့မှုနဲ့ နည်းဗျူဟာအရ စစ်ဆင်နိုင်စွမ်း မြှင့်တင်ဖို့ရာ ကြိုးပမ်းနေကြတာကြောင့် မကြာမတင်သော ကာလတွေမှာ ပိုမိုပြင်းထန်တဲ့ တိုက်ပွဲကြီးတွေ ဖြစ်ပွားမှု မြင့်တက်လာဖွယ် ရှိပါတယ်။ စစ်ကောင်စီအနေနဲ့ကတော့ ပြုန်းတီးအင်အား ပြန်ဖြည့်နိုင်ရေးနဲ့ ခံစစ်ပြင်ရေး အသေအလဲ ကြိုးစားနေရချိန်မှာ မြင့်တက်လာနိုင်မယ့် စစ်ရေးအရှိန်ကို ဘယ်လိုတားဆီးရမလဲဆိုတဲ့ အကြပ်အတည်းကြီး တရပ်ကို မျက်ဝါးထင်ထင် ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပကတိအမှန်တရားက စစ်ကောင်စီအနေနဲ့ ပြည်သူ့ခုခံတော်လှန်စစ်ကို အရှိန်တန့်ရုံသာ လုပ်ဆောင်နိုင်တော့တယ် ဆိုတာပါပဲ။ ဒါ့အပြင် စစ်ရေးအရှိန်ကို ဘယ်လိုမှ တားဆီးနိုင်စွမ်း မရှိတာကို အထင်အရှား မြင်လာရသလို တော်လှန်ရေးအင်အားစုတွေက ဆင်နွှဲလာတော့မယ့် စနစ်ကျတဲ့ အင်အားထုနဲ့ ထိုးစစ်ဆင်တာကို တောင့်ခံနိုင်မလား ဆိုတာကတော့ . . . . . ။

မောင်မိုးမာန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013