DVB Logo
Home
နိုင်ငံတကာ
အီရန်အရေး မကူညီခဲ့သည့် နေတိုးအဖွဲ့ကို ထရမ့်ပ် ဝေဖန်၊ တူရကီအပေါ်  ပိတ်ဆို့မှု ရုပ်သိမ်းပေးမည်
DVB
·
July 8, 2026
Photo: Abdullah Guclu/Pool via REUTERS
Photo: Abdullah Guclu/Pool via REUTERS
Donate to DVB

အီရန်အရေးမှာ အမေရိကန်ကို နေတိုးအဖွဲ့ဝင်တွေက မကူညီမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နေတိုးထိပ်သီးအစည်းအဝေးပွဲတက်ရောက်ဖို့ တူရကီနိုင်ငံကို ရောက်နေချိန်မှာ ဝေဖန် ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ထရမ့်ပ်က သူ့မိတ်ဆွေ တူရကီသမ္မတ အာဒိုဂန်ရဲ့ နိုင်ငံမှာပြုလုပ်တာဖြစ်လို့ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်တာဖြစ်ကြောင်းနဲ့ အီရန်နဲ့အရေးမှာ သူ့ကို ကူညီဖို့ နေတိုးအဖွဲ့က မလိုလားကြကြောင်းလည်း ပြောပါတယ်။

ဒေါ်နယ်ထရမ့်ပ်က “အီရန်နဲ့ စစ်ဖြစ်တဲ့အချိန် သူတို့ ကျနော်တို့ကို ကောင်းကောင်း မဆက်ဆံကြပါဘူး။​ ဘယ်သူ့အကူအညီမှ ကျနော်တို့ မလိုအပ်ပါဘူး။ သူတို့ရဲ့ အကူအညီလည်း လုံးဝမလိုအပ်ပါဘူး။ ကျနော် အကူအညီမတောင်းခင်ကတည်းက သူတို့က မကူညီချင်တာပါ။ ဒေါ်လာဘီလီယံနဲ့ချီပြီး ဘာ့ကြောင့် သုံးနေမှာလဲ။ ကျနော်တို့က နေတိုးအဖွဲ့ကို အမြဲတမ်း ပံ့ပိုးပေမဲ့ သူတို့က ကျနော်တို့အတွက် ရှိမနေခဲ့ပါဘူး” လို့ အီတလီ၊ ပြင်သစ်နဲ့ ဂျာမနီတို့ကို ထောက်ပြပြီး ပြောပါတယ်။

ဥရောပနိုင်ငံတွေက သူတို့နဲ့မတိုင်ပင်ပဲ စစ်ပွဲစတင်ခဲ့တာကြောင့် စစ်ပွဲမှာ ပါဝင်ဖို့ ဆန္ဒမရှိတာ ဖြစ်ပြီး စစ်ပြီးတဲ့အခါ ဟော်မုဇ်ရေလက်ကြားအရေးမှာ ကူညီဖို့ အသင့်ဖြစ်ကြောင်း ပြောထားပါတယ်။

ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့ ဦးဆောင်ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်တဲ့ ညွှန့်ပေါင်းအဖွဲ့ တည်ဆောက်ဖို့ ပြင်နေပါတယ်။ 

ဒါပေမဲ့ ဒီလိုလုပ်ဆောင်ဖို့ဆိုတာ အီရန်နိုင်ငံရဲ့ ခွင့်ပြုချက် လိုအပ်နေပါသေးတယ်။ နေတိုးနဲ့ ပင်လယ်ကွေ့ဒေသက အာရပ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးမှုပြုလုပ်ကာ နိုင်ငံစုံရေကြောင်း မစ်ရှင် ၁ ခုပြုလုပ်ဖို့  ပြင်သစ်နဲ့ ဗြိတိန်တို့ ဦးဆောင်ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ အီရန်က အဲဒီလိုပြုလုပ်မှုကို ပယ်ချထားတာကြောင့် အရေးပါတဲ့ ရေကြောင်းလမ်းဆိုင်ရာ ဖြေရှင်းမှုတွေ အဆုံးသတ်ခဲ့ရတယ်လို့ သံတမန်တွေက ပြောပါတယ်။ 

တူရကီအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးသွားမှာဖြစ်သလို တူရကီကို F-35 တိုက်လေယာဉ်တွေ ပြန်ရောင်းချပေးနိုင်ရေး ဆုံးဖြတ်ချက်ချပေးတော့မယ်လို့ အမေရိကန်သမ္မတ ထရမ့်ပ်က  ဇူလိုင် ၇ ရက် နေတိုးထိပ်သီးအစည်းအဝေးပွဲမှာ တူရကီသမ္မတ အာဒိုဂန်နဲ့ မတွေ့ဆုံခင်မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ ရန်သူတွေကို ပိတ်ဆို့အရေးယူမှုနဲ့ တုံ့ပြန်ခြင်း အက်ဥပဒေ (CAATSA) အရ တူရကီအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ ထရမ့်ပ်က အခုလို ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးသွားမှာဖြစ်ကြောင်းနဲ့ မိတ်ဆွေနိုင်ငံတွေကို ပိတ်ဆို့အရေးယူမှုတွေ မလုပ်ချင်တော့ဘူးလို့ အတည်ပြုပြောခဲ့ပါတယ်။

ဒါ့အပြင် ဒီကိစ္စအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက တူရကီက ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ဝယ်ယူခဲ့တာကြောင့် ဝါရှင်တန်ဟာ အခု CAATSA ဥပဒေအရ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီး F-35 တိုက်လေယာဉ် ပရိုဂရမ်ကနေလည်း တူရကီကို ထုတ်ပယ်ခဲ့တာပါ။ ဒါကို တူရကီဘက်က မတရားသလို ဥပဒေနဲ့လည်း မညီဘူးလို့ တုံ့ပြန်ထားခဲ့ပါတယ်။

ထရမ့်ပ်ကတော့ F-35 တိုက်လေယာဉ်ဟာ လက်ရှိအချိန်မှာ အကောင်းဆုံး လေယာဉ်ဖြစ်တာကြောင့် တူရကီကို ပြန်လည်ရောင်းချပေးဖို့ သေချာပေါက် စဉ်းစားသွားမှာဖြစ်ပြီး အာဒိုဂန်နဲ့ ကုန်သွယ်ရေးကိစ္စတွေကိုပါ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် တူရကီဟာ အမေရိကန်ဆီကနေ လေယာဉ်တွေ ဝယ်ယူထားတာဖြစ်လို့ လေယာဉ်အင်ဂျင်တွေ ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ ကူညီပေးဖို့ အမေရိကန်မှာ တာဝန်ရှိတယ်လို့ ထရမ့်ပ်က ဆိုပါတယ်။ 

တူရကီဟာ တခြားသစ္စာရှိလိမ့်မယ်လို့ ထင်ရတဲ့ နိုင်ငံတွေထက်စာရင် အများကြီး ပိုပြီးသစ္စာရှိခဲ့သလို၊ အမေရိကန်နဲ့လည်း အခုအခါမှာ ပိုကောင်းတဲ့ ဆက်ဆံရေးရှိနေပြီလို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဥပဒေကြောင်းအရနဲ့ လွှတ်တော်တွင်း အတားအဆီးတချို့ကို အပြည့်အဝ မဖြေရှင်းရသေးပေမဲ့ ထရမ့်ပ် အနေနဲ့ အခု အန်ကာရာခရီးစဉ်အတွင်းမှာ တူရကီကို F-35 တိုက်လေယာဉ်တွေ ပြန်လည်ရောင်းချခွင့် ပြုဖို့အတွက် ဝန်းရံထောက်ခံပေးလိမ့်မယ်လို့ ဒီကိစ္စနဲ့နီးစပ်သူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013