DVB Logo
Home
မြန်မာသတင်း
၈ လအတွင်း စစ်အုပ်စုသတ်ဖြတ်မှုကြောင့် စစ်ကိုင်းပြည်သူ ၆၀၀ ကျော်သေဆုံး၊ ထောင်ချခံရသူ ၇၀၀ ခန့်ရှိ
DVB
·
August 30, 2023
၈ လအတွင်း စစ်အုပ်စုသတ်ဖြတ်မှုကြောင့် စစ်ကိုင်းပြည်သူ ၆၀၀ ကျော်သေဆုံး၊ ထောင်ချခံရသူ ၇၀၀ ခန့်ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၁၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၅၃၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၉၇၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၂၀၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၂ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၅ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၅၆၂ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှတ်တမ်းနှင့် သုတေသနဌာနရဲ့ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကနေ ဩဂုတ် ၃၀ ရက်အထိ စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် ၆၁၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါကာလအတွင်း စစ်ကိုင်းတိုင်းထဲမှာ စစ်အုပ်စုက ဖမ်းဆီးခံခဲ့ရသူ ၃၅၂ ယောက်ရှိပြီး အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ၆၉၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်(မြောက်)ကျေးရွာကို အင်အား ၁၀၀ လောက် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ မိသားစုဝင် ၄ ယောက်အပါအဝင် အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၃ ယောက်၊ စုစုပေါင်း ဒေသခံ ၆ ယောက် ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူတို့ကို စစ်အုပ်စုက ရွှေဘို-မန္တလေး ကားလမ်းမဘေးက တိုက်တလုံးဆီ ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ဆေးခဲ့ပြီးနောက် အမျိုး သမီး ၂ ယောက်ကို တိုက်အတွင်း သော့ခတ်ထားခဲ့တယ်လို့ သိရပါတယ်။ ကျန်အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၃ ယောက်ကိုတော့ ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရွှေမန်းသူကို အဓမ္မပြုကျင့်ပြီးတော့ လည်လှီးသတ်ဖြတ်ခဲ့ကာ သူ့ရဲ့ ဖခင်ဖြစ်သူ တင်ဆန်း အပါအဝင် ဟန်ဆွေနဲ့ ကျီးကန်(တောင်)ကျေးရွာက စိတ်ကျန်းမာရေးမကောင်းသူ နိုင်လင်းတို့ကိုပါ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ရွှေမန်းသူရဲ့ ရုပ်အလောင်း အမျိုးသမီးအင်္ဂါအတွင်းမှာလည်း ရိုင်ရယ်ဒီဘူး ထည့်သွင်းထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ သြဂုတ် ၂၇ ရက်မှာတော့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ကျီးကန်(မြောက်)ကျေးရွာနဲ့ လှတောကျေးရွာကြားက သရက်ခြံထဲမှာ တွေ့ရှိခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေ ပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေ ဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013