
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ သြဂုတ် ၂၉ ရက် မနက်က စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၁၅၊ ၁၆၊ ၁၇) YRA-ထီးလင်းကနေ သိရပါတယ်။
“အဲဒီစစ်ကြောင်းက သြဂုတ် ၂၉ ရက် မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ ကျားခဲရွာကနေ တောင်ဘက်ကို သွားတယ်။ မကျည်းခင်လမ်းမှာ ကျနော်တို့ဘက်က ထောင်ထားတဲ့ ပဒေသာ တိုက်မိုင်း ၅ လုံးမိခဲ့တယ်။”
မိုင်းဆွဲခံရပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒဏ်ရာရသူတွေကို ဖောကားပေါ် တင်သွားကာ ထီးလင်းသင်္ချိုင်းမှာ သေဆုံးစစ်သားတွေကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း မြိုင်မြို့မှာလည်း သြဂုတ် ၂၉ ရက် ညနေပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့ နယ် ပကဖ ကနေ သိရပါတယ်။
မြိုင်မြို့ အနောက်ဘက်အတွက် ကိုးဆောင်ဘုန်းကြီးကျောင်းနားက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ဘန်ကာကို သြဂုတ် ၂၉ ရက်နေ့ ညနေ ၆ နာရီခွဲလောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကိုပြောပါတယ်။
ဆိုင်ကယ် ၂ စီးနဲ့ ကင်းလာချိန်းတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်လတ်ကိုင် စစ်ကောင်စီတပ်ကြပ်အဆင့် ရှိသူတယောက် ဒဏ်ရာရရှိပြီး ကျန်တဲ့သူတွေကတော့ ဘန်ကာအတွင်းကို ဝင်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဘန်ကာထဲကနေ ၁၀ မိနစ်လောက် ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီစစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို သြဂုတ် ၂၉ ရက်နေ့ မနက်ကလည်း စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့လို့ မြိုင်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းထွန်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။