
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ရှောင်စခန်းမှာ စစ်ရှောင်နေကြတဲ့ ဒေသခံပြည်သူတွေဟာ ဆန်ပြတ်လပ်တာနဲ့ ကြုံနေရပြီး အစားအစာအတွက် ဆန်အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေထံက သိရပါတယ်။
လက်ရှိမှာ စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကျော်အတွက် စားဖို့ရာ ဆန်အရေးပေါ်လိုအပ်နေတာလို့ ကလေးမြို့နယ်မှာ စစ်ဘေးရှောင်ကူညီနေသူ ကိုသူရိန်ဇင်က ပြောပါတယ်။
"ရေရှင်နဲ့ အင်းကျွန်းက စစ်ရှောင်တွေအကူအညီလိုတာဗျ။ သူတို့တွေ ဆန်ပြတ်နေပြီလို့ ပြောလာကြတယ်။ လောလောဆယ် ဆန် တင်းရေ ၇၀ လောက်လိုတာ။ ဒါကြောင့် ကျနော်တို့တွေ သူတို့ကို ပြန်လည်ဝေငှပေးဖို့ အရေးပေါ်အကူအညီတွေ လိုနေတာ” လို့ဒီဗွီဘီကို ပြောပါတယ်။
လတ်တလော ကလေးမြို့နယ်မှာ ဆန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ဆန်ကြမ်းဖြစ်တဲ့ ဆင်းသုခ ဆန် တအိတ်ကို ကျပ် ၁၄၀၀၀ အထိ ရှိနေတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
ရေရှင်ရွာက စစ်ဘေးရှောင် အမျိုးသမီးတဦးက "ကူညီထောက်ပံ့တာတွေကတော့ အရင်က လောက် သိပ်မရတော့ဘူး။ ကျမတို့လည်း အလုပ်တွေ မလုပ်ရတော့ ဆန်တွေက မဝယ်နိုင်ကြဘူး။ အရင်က ကိုယ်ရှောင်နေရတဲ့နေရာမှာ အငှားတွေ လိုက်ရတော့ ရသလောက်လေး စားဖို့ရာ ဝယ်လို့ရသေးတာ။ အခုက ဆန်က ပြတ်ခါနီးဖြစ်နေလို့ စစ်ရှောင်ကူညီသမားတွေဆီ အကူအညီတောင်းထားတာ”လို့ ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ကျော် နေထိုင်နေကြတာ ဖြစ်ပါတယ်။










