DVB Logo
Home
မြန်မာသတင်း
မူဆယ်ခရိုင်၌ တိုက်ပွဲဖြစ်ပြီး နေအိမ်များ မီးလောင်၊ ရွာသားများ ထိခိုက်ဒဏ်ရာရ ထွက်ပြေး တိမ်းရှောင်  
DVB
·
August 30, 2023
မူဆယ်ခရိုင်၌ တိုက်ပွဲဖြစ်ပြီး နေအိမ်များ မီးလောင်၊ ရွာသားများ ထိခိုက်ဒဏ်ရာရ ထွက်ပြေး တိမ်းရှောင်  
1 / 4
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ စယ်လန့်ကျေးရွာမှာ ဩဂုတ် ၃၀ ရက်က စစ်ကောင်စီတပ်နဲ့  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ခဲ့ရာမှာ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီးတာ၊ ရွာသားနဲ့ ကိုရင်တွေ ဒဏ်ရာရတာတွေရှိခဲ့ပြီး   လူတွေရာနဲ့ချီ ထွက်ပြေးခဲ့ရပါတယ်။

မနေ့မနက်က စယ်လန့်ရွာအရှေ့ဘက် လွိုင်တေးမိန်းတောင်ပေါ်ဘက်မှာ ပစ်ခတ်သံတွေ တနေကုန် ကြားနေရကြောင်း၊ ညနေ ၄ နာရီလောက်မှာ စစ်တပ်က လေယာဉ်နဲ့ နှစ်ကြိမ်လာ ရောက်ပစ်ခတ်ပြီး ည ၆ နာရီနဲ့ ၁၁ နာရီကြား တိုက်ပွဲမှာတော့ စယ်လန့်ရွာအရှေ့ ဖိုင်မိုင်ရွာထဲက နေအိမ်တွေ၊ လွိုင်တေးမိန်းတောင်ခြေက အစိုးရစာသင်ကျောင်းနဲ့ ဘုန်းကြီး ကျောင်းဝင်းတွေထဲမှာပါ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာလို့ စယ်လန့်ရွာသား  ဦးစိုင်းအောင်က ပြောပါတယ်။

“လွိုင်တေးမိန်းမှာ တိုက်ပွဲဖြစ်နေတာတော့ ၂၈ ရက်ကတည်းကပါ၊ မနေ့ကလည်း တနေကုန် ပစ်တယ်။  စယ်လန့်ရွာအရှေ့ဘက်ကုန်းပေါ်မှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းရှိတယ်။ အဲဒီနောက်မှာ မြန်မာစစ်တပ်ရှိတယ်။ TNLA တပ်ဖွဲ့ဝင်တွေက နမ့်မတီး ကချင်ရွာကို ကားတွေနဲ့ ရောက်လာပြီး အဲဒီကနေ မြန်မာတပ်ကိုလှမ်းပစ်တာ။ ညနေ ၄ နာရီလောက်မှာ စစ်တပ်က လေယာဉ်တစ်စင်းလာပြီး ၃- ၄ ခါလောက် ပစ်ချတယ်။ သိပ်မကြာဘူး၊ အဲဒီလေယာဉ်ပဲ နောက်တခေါက် ပြန်လာပစ်သေးတယ်။ ခဏငြိမ်သွားပြီး ညနေ ၆ နာရီလောက်မှာ သေ နတ်သံတွေ ပြန်ကြားရတယ်။ ည ၁၀ နာရီကျော် ၁၁ နာရီလောက်မှာ ဖိုင်မိုင်ရွာထဲမှာ မီးလောင် နေတာကို တွေ့ရတယ်။ ကနေ့မနက် မိုးလင်းလို့သွားကြည့်တော့မှ မီးလောင်ခံရတာက လုံးဆိုင်မောင်နဲ့ ပါခမ်းဆိုင်တို့ရဲ့ နှစ်ထပ်ပျဉ်ထောင်သွပ်မိုးအိမ်၊ အိမ်စီးကား တစီးနဲ့ လယ်ထွန်စက် တစီးလည်းပါတယ်၊ ကျွဲ လေးကောင်ကတော့ ဘယ်နားလွတ်သွားမှန်း မသိဘူး။ အိမ်ရှင်ကတော့ နေ့လည်ကတည်းက တိုက်ပွဲရှောင်နေတာ။ နောက်ထပ် နေအိမ် ၃ လုံးလောက်လည်း ခေါင်မိုးတွေ နံရံတွေ ပေါက်ပြီးပျက်စီးကုန်တယ်။”

ဒါ့အပြင် ဖိုင်မိုင်ရွာက စိုင်းအိုက်ပု (အသက် ၅၀ ကျော်) နဲ့ ဈေးမြောက်ရွာက လုံးအောင်မြ (အသက် ၇၀ နှစ် )တို့ လက်နက်ကြီး ထိမှန်ဒဏ်ရာရကာ မူဆယ်ဆေးရုံပို့ဆောင်ထားရပါတယ်။ 

ပစ်ခတ်မှုကြောင့် စာသင်ကျောင်းအဆောက်အဦတချို့ ပျက်စီးပြီး စယ်လန့်မြောက် ကျောင်းဝင်းထဲက ရေတွင်းနံရံ၊ စေတီထီးတော်နဲ့ သိမ်ဇရပ်နံရံပါ ထိခိုက်ပျက်စီးကြောင်း၊ မပေါက်ကွဲတဲ့ လက်နက်ကြီးပါ မြေထဲစိုက်နေပါတယ်။

ကိုရင်နှစ်ပါး ထိခိုက်တယ်လို့ သတင်းတွေ ထွက်နေပေမဲ့ အတည်မပြုနိုင်တဲ့အကြောင်းနဲ့ အဲဒီကျောင်းမှာ သံဃာ ၂၄ ပါးသီတင်းသုံးပြီး ကမ္မဋ္ဌာန်းကျောင်းတိုက်မှာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒီကနေ့မနက်မှာ သေနတ်သံ ခပ်ကျဲကျဲကြားရပြီး စစ်ကောင်စီဘက်က စယ်လန့်ရွာအနီးတဝိုက် အင်အားတွေ ထပ်ဖြည့်လာလို့  တိုက်ပွဲဆက်ဖြစ်နိုင်ခြေရှိကြောင်း၊ စယ်လန့်ရွာကြီးမှာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး အတော်များများ မူဆယ်ဘက် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ မူဆယ်မြို့ ဟိုနားကျောင်းတိုက်မှာတော့ စစ်ဘေးရှောင် ၂၀၀ နီးပါးရောက်ရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။

နှစ်ဘက်တပ်တွေ တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းကို မသိရပေမယ့်လည်း စစ်ကောင်စီတပ်က TNLA ရှိတယ်လို့ ထင်ရတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခတ်နေကြောင်း၊ ၂၈ ရက် နေ့က လွိုင်တေးမိန်းတောင်ပေါ် တောရကျောင်းတိုက်နဲ့စေတီ လက်နက်ကြီးထိမှန်ပြီး ကျောင်းထိုင်ဆရာတော် စစ်ဘေး‌ရှောင်နေရတယ်လို့  စယ်လန့်ရွာသားက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013