ရုရှားလူငယ်တွေကို နိုင်ငံရဲ့သမိုင်းရာဇဝင်ကို သတိရကြဖို့ တိုက်တွန်းလိုက်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ မှတ်ချက်စကားတွေဟာ သိပ်ကိုကျေနပ်စရာကောင်းတယ်လို့ ကရင်မလင်နန်းတော်က သြဂုတ်လ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံဟာ ကြွယ်ဝတဲ့ အမွေအနှစ်တွေလည်းရှိကြောင်းနဲ့ ပုပ်ရဟန်းမင်းကြီးဟာ ရုရှားသမိုင်းကြောင်းကို ကောင်းကောင်းသိရှိတာပဲလို့လည်း ပြောဆိုလိုက်ပါတယ်။
ယူကရိန်းမှာ မော်စကိုရဲ့လုပ်ရပ်ကို အကြောင်းပြဖို့ ဥပမာတခုအနေနဲ့ သမ္မတ ဗလာဒီမာပူတင် စံနမူနာအဖြစ် သတ်မှတ်ထားတဲ့ ပီတာဿဂရိတ်လို အတိတ်က ဇာဘုရင်တွေရဲ့ အမွေဆက်ခံသူတွေ ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ရုရှားလူငယ်တွေကို ပြောခဲ့တဲ့အတွက် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
စိန့်ပီတာစဘတ်မှာ စုဝေးရောက်ရှိနေတဲ့ ကက်သလစ်လူငယ်တွေကို ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းပြောနေချိန်မှာ ဗီဒီယိုကို တိုက်ရိုက်လွှင့်နေခဲ့တာဖြစ်ပြီး ယူကရိန်းအစိုးရကတော့ အဲဒီမှတ်ချက်တွေဟာ သိပ်ကို စိတ်မကောင်းစရာပါပဲလို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ လွန်ခဲ့တဲ့ ရုရှားနယ်ချဲ့စနစ်ကို ချီးမြှောက်တဲ့ ရည်ရွယ်ချက်မရှိကြောင်း ဗာတီကန်က ကြေညာချက် ထုတ်ပြန်ခဲ့ပေမဲ့ ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်ကတော့ အဲဒီနေ့မှာပဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးကို ချီးကျူးခဲ့ပါတယ်။
ပူတင်က ယူကရိန်းမှာ နိုင်ငံတော်အုပ်ချုပ်မှု အစဉ်အလာ မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပြီး ရုရှားနဲ့ ယူကရိန်းနိုင်ငံသားတွေဟာ လူမျိုးတမျိုးတည်းဖြစ်တယ်လို့ ပြောဆိုထားတာကြောင့် ယူကရိန်းနဲ့ အနောက်နိုင်ငံတွေရဲ့ ပညာရှင်တွေက ဒါဟာ သမိုင်းကိုလွဲမှားပြီး ကိုယ်ကျိုးရှာတဲ့ အမြင်လို့ ခေါ်ဝေါ်ကြပါတယ်။
Source/Photo-Reuters










