DVB Logo
Home
Lead Story
တော်လှန်ရေးကို သမင်လည်ပြန်ကြည့်မယ်ဆိုရင်
DVB
·
August 30, 2023
တော်လှန်ရေးကို သမင်လည်ပြန်ကြည့်မယ်ဆိုရင်
Donate to DVB

မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်ရေးနေ့။ နွေဦးတော်လှန်ရေးကတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတယ်လို့ သတ်မှတ်ကြတယ်။ စစ်အာဏာရှင်ကို တော်လှန်နေကြတာကတော့ မျိုးဆက် သုံးဆက်လောက် ရှိပြီထင်ရတာပဲ။ XYZ လို့ အဓိပ္ပာယ် သိကြလိမ့်မယ် ထင်တယ်။ X မျိုးဆက်ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုမင်းကိုနိုင် (ဦးပေါ်)၊ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အခု အမျိုးသားညီညွတ်ရေးအစိုးရမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစ်မတွေ အစ်ကိုတွေ အားလုံး ပါမယ်။ Y မျိုးဆက်ကတော့ ကျနော်တို့ကိုယ်တိုင်လည်း ပါတာပေါ့။ ကျနော်ဆို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ၂၀၁၄ လူငယ်မျိုးဆက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျနော့်ရဲဘော်ရဲဘက်တွေ အကုန်နီးပါး တောထဲမှာ။ Generation Z မျိုးဆက်ကတော့ အများစု PDF ဖြစ်လာတယ်။ လူငယ်တွေ၊ ခေတ်‌ရှေ့ပြေးတဲ့လူငယ်တွေ အကုန်လုံးနီးပါး တောထဲရောက်ပြီး ခေတ်နောက်ပြန် ပြေးခဲ့ကြရတယ်လို့ ကျနော်ပြောချင်တယ်။ ကျောက်ခေတ်ကို တကယ်ပြန်ရောက်သွားခဲ့ရတာလေ။

စစ်တပ်ကတော့ သူ့ထုံးစံအတိုင်းပဲ။ ကျုပ်တို့ တောအထာ အညာစကားနဲ့ ပြောရရင် အာဏာငတ်ကြီးကျလို့ ရွေးကောက်ပွဲ မဲမသမာမှုဆိုပြီး ခေါင်းစဥ်တပ်ကာ ပြည်သူ့အာဏာကို လက်နက်အားကိုးပြီး အတင်းအဓမ္မ သိမ်းယူခဲ့ပါတယ်။

လူငယ်နဲ့ တော်လှန်ရေး

လူငယ်နဲ့ တော်လှန်ရေးက ခွဲမရ။ အရင်မူလကတည်းက လူငယ်ဟာ တော်လှန်ရေးသတ္တဝါ ဖြစ်တယ်။ လူငယ်ဟာ ပကတိ ရိုးသားတယ်။ ပွင့်လင်းတယ်။ မဟုတ်ရင် မခံဘူး။ နောက်ပြီး လူငယ်ဟာ အရိုင်းဆန်တယ်။ သွက်တယ်။ ဟောဟောဒိုင်းဒိုင်း လုပ်တတ်တယ်။ ဒါပေမဲ့ သူ့မှာ နည်းပညာရှိတယ်။ နည်းဗျူဟာရှိတယ်။ မဟာမိတ် သူငယ်ချင်းတွေရှိတယ်။ လုပ်ရဲတယ်။ ခံရဲတယ်။ နောက် တိုက်ရဲတယ်။ စွန့်စားရဲတယ်။ သေရဲတယ်။ ဒါလည်း ထည့်ပြောရမယ်။ ဒီပွဲမယ် လူငယ်တွေ သေလိုက်ကြတာ သောက်သောက်လဲ။ တော်လှန်ရေးရဲ့ သဘောကိုက အဟောင်းတွေရဲ့နေရာမှာ အသစ်တွေနဲ့ အစားထိုးရတာ မဟုတ်လား။ အဟောင်းကနေ အသစ်ဖြစ်ဖို့ ကြားကာလမှာ နာကျင်မှုတွေတော့ ရှိမှာအမှန်ပဲ။ ဘာပဲဖြစ်ဖြစ် အသစ်လိုချင်ရင်တော့ အဟောင်းကို စွန့်ပစ်ကြရမှာပဲ။ ဒါ လောကနိယာမပဲ။

ကျုပ်လည်း လူငယ်ပဲ။ ဒီတော့ ကျုပ် တော်လှန်ရေးသမားတယောက် ဖြစ်လာတာ မဆန်းပြားပါဘူး။ တခြားလူငယ်တွေလိုပါပဲ။ တော်လှန်မျိုးဆက်ပေါ့လေ။ ပထမဦးဆုံး ကျုပ် တော်လှန်ရေးရဲဘော်တယောက်အဖြစ် အသိအမှတ်ပြုခြင်းခံရတာက KNU၊ အဲဒီမှာ တွေ့ဆုံခဲ့ရတဲ့ ရဲဘော်ရဲဘက်တွေဟာ ကျနော့်ဘဝမှာ တော်လှန်‌ရေးကာလက မိသားစု ညီအစ်ကို မောင်နှမတွေပါပဲ။ အကြောင်းအကျိုး တိုက်ဆိုင်တိုင်း ကျနော် လွမ်းတယ်။ ဗမာစကား ရှိတယ်လေ၊ လွမ်းစရာကို နာစရာနဲ့ ဖြေရတယ်ပေါ့လေ။ နာစရာတွေကတော့ လျှပ်စစ်မီး မရှိ၊ ရေပိုက်ခေါင်း မရှိ၊ ဖုန်းမသုံးရ၊ စာကြည့်တိုက် မရှိ အို ကုန်ကုန်ပြောရရင် ကျုပ်ဆိုရင် ခြုံစရာစောင်တောင် မရှိခဲ့ပါဘူး။ ကျုပ်ပုဆိုးနဲ့ ကျုပ် ကွေးခဲ့ရတာပဲ။ နောက်များမှ ဆရာမလေး နော်က သနားလို့ထင်ပ၊ စောင်ပါးလေးတထည်ပေးလို့ နွေးခဲ့ရတယ်။ မေတ္တာပါလို့ ထင်ပါ့။

တော်လှန်ရေးမှာ အရေးကြီးဆုံးက

တော်လှန်ရေးကာလမှာ တကယ်တော့ အရေးကြီးဆုံးက လူငယ်တွေမှာ ရှိနေတဲ့ အရည်အချင်းအတိုင်း တာဝန်ထမ်းဆောင်ခွင့် ရရေးပါပဲ။ ဒါက ကျနော့်အတွေ့အကြုံအရ  ပြောတာပါ။ သက်ဆိုင်ရာ တာဝန်ရှိ စစ်ဘက်ဆိုင်ရာနဲ့ အရပ်ဘက် နိုင်ငံရေးခေါင်းဆောင် တာဝန်ခံများဟာ အစုအဖွဲ့အသီးသီးက လူငယ်တဦးချင်းစီရဲ့ အရည်အချင်းကို သိအောင် လုပ်သင့်တယ်။ သိပြီးရင် လူမှန် နေရာမှန် တာဝန်တွေ ခွဲပေးသင့်ပါတယ်။ တော်လှန်ရေးအစိုးရတရပ်အဖြစ် ပိုပြီးပေါ်လွင်သင့်ပါတယ်လို့ ပြောချင်ပါတယ်။ တော်လှန်ရေးကို သမင်လည်ပြန်ကြည့်တဲ့အခါ ကျေနပ်စရာကတော့ ရဲဘော်ရဲဘက်တွေနဲ့ အခက်အခဲတွေကို အတူတကွ ဖြတ်ကျော်ခဲ့ရတာပါပဲ။ မကျေနပ်စရာကတော့ အစုအဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေရဲ့ အားနည်းချက်တွေပါပဲ...။ တာဝန်ခံနိုင်မှု အားနည်းတာနဲ့ မြေပြင်နဲ့ ကင်းကွာလွန်းတာပါပဲ။ အောက်ခြေလွတ်ကြတာပေါ့လေ...။ လူငယ်တဦးချင်းစီကို တန်ဖိုးထားစေချင်တာပါပဲ...။

အရေးတော်ပုံ မုချ အောင်မြင်ရမည်။

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။

ချစ်မင်းနွဲ့ကြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013