မြောက်ကာရိုလိုင်းနားတက္ကသိုလ်(UNC) မှာ သြဂုတ်လ ၂၈ ရက်က ကျောင်းဝင်းအတွင်း ပစ်ခတ်မှုကြောင့် ပါမောက္ခတယောက် သေဆုံးသွားပြီးနောက်မှာ သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မွန်းလွဲပိုင်း ၁ နာရီ ၂ မိနစ်မှာ ချာပယ်လ်ဟေးလ်ကျောင်းဝင်းရှိ ကာဒလ် ဓာတ်ခွဲခန်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး နောက် ၂ မိနစ်အကြာမှာတော့ ကျောင်းဝင်းကို လော့ဒေါင်းချ ပိတ်ဆို့ကြောင်း အရေးပေါ် သတိပေးချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ကျောင်းဝင်းအတွင်း လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ရဲတပ်ဖွဲ့အင်အား ထူထူထပ်ထပ် ချထားခဲ့ပြီး သံသယရှိသူဟာ လွတ်မြောက်နေဆဲ ဖြစ်တာကြောင့် ကျောင်းသားတွေကို ကိုယ့်နေရာမှာပဲ ရှိနေကြဖို့ တက္ကသိုလ်က တောင်းဆိုခဲ့ပါတယ်။
အခင်းဖြစ်ပွားရာ နေရာရှိ မျက်မြင်သက်သေတွေရဲ့ အချက်အလက်တွေကို အခြေခံပြီး UNC တက္ကသိုလ် ရဲတပ်ဖွဲ့မှ တရားခံကို ဖော်ထုတ်နိုင်ခဲ့ပြီးတော့ အနီးပတ်ဝန်းကျင်ကို ရှာဖွေခဲ့ရာမှာ မွန်းလွဲပိုင်း ၂ နာရီ ၃၁ မိနစ်မှာ ဖမ်းဆီးထိန်းသိမ်းထားလိုက်နိုင်ကြောင်း မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဘရိုင်ယန်ဂျမ်စ်က ပြောပါတယ်။
ဒီပစ်ခတ်မှုမှာ သေဆုံးသူ ၁ ဦးရှိပြီး တခြားသူတွေ ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့လည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့ဟာ သံသယရှိသူရဲ့ အထောက်အထားကို စစ်ဆေးနေပြီး ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက်ကို ရှာဖွေနေချိန်မှာတော့ ကျောင်းဝင်းကို ပိတ်ဆို့ထားဆဲဖြစ်ကြောင်းနဲ့ နောက် နှစ် နာရီလောက်အကြာမှာ နောက်ထပ် ခြိမ်းခြောက်မှုမရှိတော့လို့ အားလုံးရှင်းလင်းကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အာဏာပိုင်တွေဟာ သေဆုံးသူ ဆရာနဲ့ သံသယရှိသူတို့ရဲ့ နာမည်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းကို သိရဖို့ စုံစမ်းစစ်ဆေးမှုမှာ စောလွန်းပါသေးတယ်လို့ ရဲမှူးချုပ် ဘရိုင်ယန်ဂျမ်စ် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရရှိနိုင်တဲ့ အချက်အလက်အားလုံးကို ဖော်ထုတ်နိုင်ဖို့ဒီမှာ ကိုယ်စားပြုထားတဲ့ ဥပဒေစိုးမိုးရေးအေဂျင်စီတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ မြောက်ကာရိုလိုင်းနား တက္ကသိုလ်မှာ ကျောင်းသားဦးရေ ၃၂,၀၀၀ လောက် ရှိပြီး ပါမောက္ခ ၄,၁၀၀ လောက်နဲ့ ဝန်ထမ်း ၉၀၀၀ လောက် ရှိပါတယ်။
Source/Photo - Reuters