DVB Logo
Home
မြန်မာသတင်း
လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကို စစ်တပ်က စစ်လက်နက်သဖွယ် အသုံးချနေ
DVB
·
August 29, 2023
လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကို စစ်တပ်က စစ်လက်နက်သဖွယ် အသုံးချနေ
Donate to DVB

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့ မြန်မာနိုင်ငံက လူဦးရေ ၁၈ သန်းအတွက် စစ်တပ်က နိုင်ငံတကာရဲ့ အကူအညီတွေ တားဆီးပိတ်ပင်နေတာက ပြည်သူတွေကို ငတ်မွတ်သေဆုံးအောင် ကျူးလွန်နေတဲ့ စစ်လက်နက်သဖွယ်ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်းက ပြောပါတယ်။ 

ဩဂုတ် ၂၉ ရက်က ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

“ပြည်သူတွေရဲ့ ဆာလောင်မှု မွတ်သိပ်မှုတွေကို ပိုမိုဖြစ်ပေါ်စေပြီးတော့ ဒီစားနပ်ရိက္ခာတွေ မလုံမလောက်မှုတွေလည်း ပိုမိုဆိုဝါးလာစေပါတယ်။ ဒီလိုပြည်သူတွေ စားနပ်ရိက္ခာအခက်အခဲ လူသားချင်းစာနာမှု အကူအညီရရှိရေး အခက်အခဲတွေဟာ စစ်တပ်ကနေပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖြတ် ၄ ဖြတ်ကို အသုံးပြုပြီးတော့ ပြည်သူတွေကို ဒီလိုမျိုး အကူအညီတွေ မရအောင် လုပ်နေတဲ့ ဥစ္စာလည်း အထင်အရှားပဲ ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးရေး ခွင့်ပြုမှုတွေကို လူကို သေစေနိုင်တဲ့ စစ်လက်နက်သဖွယ် စစ်တပ်ကနေပြီးတော့ အသုံးပြုနေခြင်းပဲဖြစ်ပါတယ်။ ဒီလူသားချင်းစာနာမှု အကူအညီပေးသူတွေအနေနဲ့ အကူအညီတွေကို တကယ်လိုအပ်နေသူတွေလက်ထဲကို ရောက်ဖို့ အခြေခံမူတွေနဲ့ လူသားချင်းစာနာမှု Principle တွေနဲ့အညီ ရရှိနိုင်အောင် ဆောင်ရွက်ရေးဟာ အရမ်းအရေးကြီးတယ်ဆိုတာ ကျနော်တို့ ခံယူထားသလို လူတိုင်းခံယူထားတာဖြစ်ပါတယ်။” 

ဒီလိုအခြေအနေတွေမှာ နိုင်ငံတကာနဲ့ အဖွဲ့အစည်းတွေအနေနဲ့ကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို စစ်တပ်ကဆင့် ပေးပို့ကူညီတာ မလုပ်ဆောင်ဖို့နဲ့ သက်ဆိုင်ရာ ဒေသတွေဆီသွားလာနိုင်ဖို့ အိမ်နီးနိုင်ငံတွေရဲ့ ခွင့်ပြုပေးမှုလည်း လိုအပ်တယ်လို့ ထပ်ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ NDAA (National Defense Authorization Act, Burma Act) အပါအဝင် တခြားစီမံကိန်းတွေကနေ ရရှိလာတဲ့ အကူအညီအထောက်အပံ့တွေကိုလည်း မြန်မာနိုင်ငံအတွင်းက လူသားစာနာအကူအညီ လိုအပ်နေသူတွေဆီ ပေးပို့နိုင်အောင် ဆောင်ရွက်ချက်တွေ လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

“သူတို့အနေနဲ့ အရင်တုန်းကတည်း လုပ်လက်စ စီမံကိန်းတွေ စီမံချက်တွေက တဆင့် အကူအညီပေးနေတာ ရှိသလို အခုအသစ် ထပ်ပြီးတော့ ဥပမာ USAID တို့ဆိုရင် အသစ်ဖန်တီးထားတဲ့ စီမံချက်တွေ စီမံကိန်းတွေက တဆင့်လည်း အကူအညီပေးဖို့ ဆောင်ရွက်နေတာတွေ သိရပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဒီလို အကူအညီပေးတဲ့ စီမံချက် အဆင့်တိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့က ပူးပေါင်းပါဝင် ကူညီခဲ့တာရှိတယ်၊ ကူညီ ဖို့တွေလည်း ရှိတယ်၊ ကူညီဖို့လည်း အဆင်သင့်ရှိပါတယ်။ ဒီအကူအညီတွေက လူသားချင်းစားနာထောက်ထားမှု ခေါင်းစဉ်အောက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ ရောက်အောင် ဆောင်ရွက်နေတာရှိတယ်။” 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူပေါင်း ၁၅ သန်းက စားနပ်ရိက္ခာလိုအပ်နေပြီး ၁.၉ သန်းက နေရာပြောင်းရွှေ့နေထိုင်ရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် ကလေး ၃ ယောက်မှာ ၁ ယောက်က ဖွံ့ဖြိုးမှုမရှိတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013