DVB Logo
Home
Lead Story
အားသာချက်၊ အားနည်းချက်အပေါ် အခြေခံသော ပြင်ဆင်ထားမှုများနှင့် စေ့စပ်ဆွေးနွေးရေး လမ်းကြောင်း
DVB
·
August 29, 2023
အားသာချက်၊ အားနည်းချက်အပေါ် အခြေခံသော ပြင်ဆင်ထားမှုများနှင့် စေ့စပ်ဆွေးနွေးရေး လမ်းကြောင်း
Donate to DVB

၂၀၂၃ ခုနှစ် သြဂုတ်လ ၂၃ ရက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တော်လှန်ရေးအင်အားစုတွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်တော့ကြောင်း ကမ္ဘာသိ ကြေညာမှသာ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်လိမ့်မယ်လို့ ထုတ်ပြောခဲ့ပါတယ်။

သူ့ရဲ့ပြောကြားချက်ကို နားထောင်ရပြီးနောက် သရော်ပြုံး ပြုံးမိပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတာက သူတို့သာဖြစ်ပြီး ပြည်သူ့အိုးအိမ်ပေါင်း သိန်းဂဏန်းနီးပါး မီးရှို့ဖျက်ဆီးခဲ့တဲ့ လက်သည်တရားခံကလည်း အကြမ်းဖက်စစ်ကောင်စီသာ ဖြစ်တယ်ဆိုတာ ပြည်သူလူထုတရပ်လုံးရော ကမ္ဘာ့နိုင်ငံတကာအလယ်မှာပါ ဖုံးမရတဲ့ အမည်းကွက်ကြီး ဖြစ်နေပါပြီ။

အကြမ်းဖက်စစ်ကောင်စီရဲ့အဖြစ်က အရင့်အရင်ကတည်းက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေအပြင် အာဏာသိမ်းပြီးနောက် ထပ်မံကျူးလွန်တဲ့ ပြစ်မှုတွေကြောင့် နူရာဝဲစွဲတဲ့ အဖွဲ့အစည်းတရပ်သဖွယ် နိုင်ငံတကာကရော ပြည်သူလူထုကပါ ဆေးဖော်ကြောဖက် မလုပ်ချင်ကြဘဲ ဝိုင်းကြဥ်ဆန့်ကျင်ခံနေရပါပြီ။ စစ်ကောင်စီဟာ သူတို့ရဲ့ အခြေအနေမှန်ဖြစ်တဲ့ တပ်ပြေးများမှု၊ စစ်စွမ်းရည်နိမ့်ကျနေမှု၊ တပ်တွင်းစည်းလုံးမှု ပြိုကွဲနေမှုတွေကို မသိတာတော့ မဟုတ်ပါဘူး။ သိနေရက်နဲ့ပဲ ဟန်ကိုယ့်ဖို့ဆိုသလို  တိုင်းပြည်အာဏာကို မတရား ဆက်လက်ရယူဖို့ရာ အင်အားရှိနေသေးသယောင် ဖုံးကွယ်တဲ့ ပြောကြားချက်တွေသာ ဖြစ်တယ်ဆိုတာ နိုင်ငံရေးကို အတော်အတန် စိတ်ဝင်စားသူတွေတောင် အလွယ်တကူ သိနိုင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့ စေ့စပ်ဆွေးနွေးရေးမူ ၅ ချက်ကို ထုတ်ပြန်ထားပြီး ဆွေးနွေးရေးလမ်းကြောင်း ဖွင့်ထားပေမဲ့လည်း တဖက်မှာတော့ စေ့စပ်ဆွေးနွေးရေး ဖြစ်ဖြစ်၊ မဖြစ်ဖြစ် စစ်ကောင်စီ လုံးဝပျက်သုဉ်းရေးအထိ ရည်မှန်းပြီး ဘက်စုံထိုးစစ် အရှိန်မြှင့်ဖို့ရာ အားထုတ်နေတာကို မျက်မြင်ထင်ရှား တွေ့နိုင်ပါတယ်။ စေ့စပ်ဆွေးနွေးရေးနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က အလေးဂရုပြုဖွယ် အခြေအနေကြီးသုံးရပ်ကို ရှေ့ရက်တွေက ဆောင်းပါးရေးခဲ့ပါသေးတယ်။ ဆိုတော့ ပြန်ကောက်ရရင် စေ့စပ်ဆွေးနွေးလိုစိတ်မရှိဘဲ အဆုံးထိ သွားကြတော့မယ်ဆိုရင် ဘယ်ဘက်က အဆုံးထိသွားဖို့ အားသာချက်ပိုရှိနေလဲ လေ့လာသုံးသပ် ပြင်ဆင်ထားဖို့ရာ လိုအပ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို Best alternative to a negotiated agreement (BATNA) လို့ ခေါ်ကြပြီး တခါတလေမှာ “walk-away leverage” လို့လည်း သုံးနှုန်းတတ်ကြပါတယ်။

ရိုးရိုးရှင်းရှင်းနဲ့ နားလည်အောင်ပြောရရင် စေ့စပ်ဆွေးနွေးမှု မလုပ်ကြတဲ့အခါမျိုးမှာ ဘယ်ဘက်က ပိုဆုံးရှုံးနိုင်ခြေများသလဲ ဆိုတဲ့ ဆန်းစစ်သုံးသပ်ချက် ဖြစ်ပါတယ်။ လက်ရှိ အာဏာသိမ်းဖြစ်စဥ်မှာ အာဏာရှင် မင်းအောင်လှိုင်အတွက် အကောင်းဆုံး အားသာချက်ကတော့ အာဏာရှင်ရွေးကောက်ပွဲကျင်းပပြီး ရုပ်သေးအစိုးရတရပ် ပေါ်ပေါက်လာရေး ဖြစ်ပါတယ်။

နဝတ နအဖဟာ ၂၀၀၈ ခြေဥကို ရေးဆွဲပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပချိန်မှာ ဝါရှင်တန်အခြေစိုက် စင်ပြိုင်အစိုးရဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဟာ အလိုအလျောက် အင်အားချည့်နဲ့နေချိန်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက နိုင်ငံတကာကလည်း မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ ဘောင်းဘီချွတ် အရပ်သားတပိုင်း စစ်သားတပိုင်းအစိုးရ ပေါ်ပေါက်နေပြီမို့  တက်ကြွလှုပ်ရှားသူအားလုံး ပြည်တွင်းပြန်ဝင်ကြ၊ ရွေးကောက်ပွဲရလဒ်ကို လက်ခံကြဆိုပြီး ဖိအားပေးကြရာကနေ နောက်ဆုံးမှာ  NCGUB ဟာ ဖျက်သိမ်းလိုက်ရတဲ့ အခြေအနေ ဖြစ်ခဲ့ဖူးပါတယ်။

အခု နစကဥက္ကဋ္ဌ မင်းအောင်လှိုင် အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း တရားမဝင် ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပဖို့ရာနဲ့ ရုပ်သေးအစိုးရ ပေါ်ပေါက်လာဖို့ရာ ရည်မှန်းလုပ်ဆောင်ခဲ့ပေမဲ့ ကျင်းပနိုင်ခြင်းမရှိဘဲ နစကရဲ့ နောက်ထပ် ခြောက်လသက်တမ်းကို အရှက်မရှိ ထပ်မံတိုးခဲ့ရပါတယ်။ ဆိုတော့ တရားမဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ရင်တောင် သူတို့အနေနဲ့ နိုင်ငံတကာတရားဝင်မှု ရဖို့ရာ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေခဲ့ပြီ ဆိုတာပါပဲ။

တော်လှန်ရေးအင်အားစုတွေဘက်က  အားသာတဲ့ BATNA အဖြစ် Initial Transition အတွေးအခေါ် အခြေပြု လူထုတိုက်ပွဲတွေ၊ လက်နက်အခြေပြု တိုက်ပွဲကနေတဆင့် ပြည်သူလူထုတရပ်လုံး လိုလားတောင့်တ အားပေးနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီရဖို့ရာ ကြိုးပမ်းနိုင်လာမှု ဖြစ်ပါတယ်။ ကိုယ်စီ အားသာချက်တွေမှာ (ကိုယ်စီအားသာချက်လို့သာ သီအိုရီအရ ပြောရတာ၊ တကယ်တမ်းက စစ်ကောင်စီမှာ ဘာအားသာချက်မှ ရှိမနေတော့ဘူး) ပြည်သူက တော်လှန်ရေးအင်အားစုများကို ထောက်ခံမှုရှိနေတယ်ဆိုတာ ငြင်းစရာမလိုတဲ့ အမှန်တရားဖြစ်ပေမဲ့ သတိပြုသင့်တာတွေကတော့ နစက မင်းအောင်လှိုင်ဘက်က စေ့စပ်ဆွေးနွေးရေးကို ရှောင်ရှားပြီး အားသာချက်တွေကို အသုံးချ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေချိန် တော်လှန်ရေးအင်အားစုများဘက်က အားသာချက်တွေကို အသုံးမချဘဲ စေ့စပ်ဆွေးနွေးရေးအိပ်မက် မက်နေရင် တော်လှန်ရေးဟာ အားနည်းသွားနိုင်တယ် ဆိုတာပါပဲ။

တော်လှန်ရေးအင်အားစုများရဲ့ အားသာချက်တွေက ဘာတွေလဲဆိုရင် အထက်မှာဆိုခဲ့သလို လူထုအခြေပြု လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပြည်သူလူထုဘက်က ရပ်တည်တဲ့ EAOs တွေအတွက် နိုင်ငံရေးအာမခံချက် ဖက်ဒရယ်သဘောတူညီချက်များ အောင်မြင်စွာ ချမှတ်နိုင်ရေး၊ စစ်ဗျူဟာအရ ပေါင်းစည်းကွပ်ကဲနိုင်ကြရေး ဖြစ်ပါတယ်။

စစ်ရေးအရ အောင်မြင်မှုရဖို့အတွက် မဟာဗျူဟာအရ ပေါင်းစည်းကွပ်ကဲနိုင်ရေး၊ ဖက်ဒရယ် သဘောတူညီချက်များရရေးဟာ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို အလဲထိုးနိုင်မယ့် အဂ္ဂမဟာဗျူဟာပဲ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးအင်အားစုတွေဘက်က စေ့စပ်ဆွေးနွေးရေးဟာ အလုပ်မဖြစ်မှန်း ဘယ်တုန်းကမှ စေ့စပ်ဆွေးနွေးရေးမှာ အကြမ်းဖက်စစ်ကောင်စီ ကတိမတည်တတ် ဗြောင်လိမ်ဗြောင်စား လုပ်တတ်မှန်း သိနေကြပြီးသားမို့ ဖက်ဆစ်စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် အားသာချက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီရရေး တစိုက်မတ်မတ် ချီတက်ကြဖို့သာ အာရုံစိုက်ရန် လိုအပ်တယ်လို့ ယူဆပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ရဲ့ နုံချာစုတ်ပြတ်နေတဲ့ အခြေအနေမှန်ကို ဖုံးကွယ်ဖို့ ဟန်ကိုယ်ဖို့ လုပ်နေတာကို ပြည်သူလူထုတရပ်လုံးက သိနေတယ်ဆိုတာ တင်ပြရင်း  ...... ။

မောင်မိုးမာန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013