DVB Logo
Home
Lead Story
အာဏာသိမ်းစစ်တပ်နှင့် လူမိုက်ဂိုဏ်း
DVB
·
August 29, 2023
အာဏာသိမ်းစစ်တပ်နှင့် လူမိုက်ဂိုဏ်း
Donate to DVB

မြန်မာနိုင်ငံမှာ လွပ်လပ်ရေးမရခင်ကတည်းက ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ မိုက်ကြေးခွဲ၊ အုပ်စုဖွဲ့လူသတ်၊ ဆက်ကြေးတောင်း၊ ဓားပြတိုက်၊ လုယက်နေကြတဲ့ ဂိုဏ်းအဖွဲ့တွေ အများကြီး ရှိခဲ့တယ်။ အဲ့ဒီဂိုဏ်းတွေဟာ ဂျပန်ခေတ်မှာလည်း ဂျပန်အလိုတော်ကျ မတရားမှုတွေ ပြုလုပ်ကြတယ်။ အင်္ဂလိပ်ခေတ်မှာလည်း ထိုနည်းလည်းကောင်း အနုကြမ်းစီး ရိုက်နှက် သတ်ဖြတ်ကြတယ်။

လူမိုက်အဖွဲ့ဝင်တွေ၊ ဓားပြတိုက် လုယက်နေသူတွေကို အာဏာပိုင်တွေက အင်အားသုံးဖမ်းပြီး ထောင်ထဲထည့်ထားတယ်။ နိုင်ငံရေးကစားကွက်အတွက် သူတို့လိုအပ်ချိန်မှာ ဖမ်းထားတဲ့ လူမိုက်လူရမ်းကားတွေကို အသုံးချတယ်။ မင်းတို့ကို လွှတ်ပေးမယ်၊ ငါတို့ကို ဒါတွေပြန်လုပ်ပေး၊ မလုပ်ပေးရင် ပြန်ဖမ်းမယ်၊ ထောင်ထဲပြန်ရောက်ရင် သေလူပဲဆိုပြီး တခါတည်း ပြောဆို ခြိမ်းခြောက် အကျပ်ကိုင်ကာ အဖျက်အမှောင့်လုပ်ငန်းတွေ စေခိုင်းခဲ့တယ်။

လူမိုက် လူရမ်းကားတွေကို အသုံးချတဲ့နည်းဟာ ဒေါက်တာဘမော်ခေတ်ကနေ ဖဆပလ၊ မဆလ၊ နဝတ၊ မအလခေတ်ထိ သူတို့အာဏာရူးအုပ်စုတွေ လက်ကိုင်ကျင့်သုံးနေကြဆဲ ဖြစ်တယ်။ ပျူစောထီးဆိုတာ ဒီနေ့မှ ပေါ်ပေါက်လာတဲ့ အမည်နာမ မဟုတ်ဘူး။ ဂဠုန်ဦးစောရဲ့ လက်မရွံ့ လက်နက်ကိုင် အဖွဲ့အစည်းတခုပဲ ဖြစ်တယ်။ အဲ့ဒီအချိန်ကာလကတည်းက သူတို့ကို ဆန့်ကျင်သူမှန်သမျှ ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းတဲ့အဖွဲ့ ဖြစ်တယ်။ ဖဆပလ ခေတ်ကနေ မအလခေတ်ထိ စစ်တပ်အတွက် သူတို့အဖွဲ့အစည်းအတွက် အကြမ်းဖက်ကာ ဂိုဏ်းစတားဆန်ဆန် ပြုလုပ်နေကြဆဲဖြစ်တယ်။ 

ယနေ့ မျက်မှောက်ခေတ်မှာလည်း သူတို့ရဲ့ လူမိုက် လူရမ်းကား နည်းလမ်းဟောင်းကြီးအတိုင်း နွေဦးတော်လှန်ရေးထဲကို ပုံဖျက်ဝင်ရောက်ကာ ပါဝင်လာခဲ့တယ်။ ဂဠုန်ဦးစောရဲ့ ပျူစောထီးအဖွဲ့ လုပ်နည်းလုပ်ဟန်အတိုင်း ပေါ်ထွက်လာခဲ့တယ်။ မိုက်ဇာတ်သွင်းပေးတယ်၊ လက်နက်တပ်ဆင်ပေးတယ်၊ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခိုင်းတယ်၊ ဓားပြတိုက် လုယက်ခိုင်းတယ်။ ဒီလိုခိုင်းတာ ပျူစောထီးတင်လားဆို မဟုတ်ဘူး၊ လမ်းဆုံးနေတဲ့ နှစ်ကြီးအကျဉ်းသားတွေ၊ လူစိတ်မဲ့နေတဲ့ ထောင်သားတွေ၊ လူဆိုးလူမိုက်တွေကို ကတိခံဝန်တွေနဲ့ နေ့ထူးနေ့မြတ်တွေမှာ ရောနှောပြီး လွှတ်ပေးခဲ့တယ်။ လွတ်လာတဲ့ လူဆိုး လူမိုက် သူခိုးဂျပိုးတွေဟာ လူအင်အား လက်နက်အင်အား ကောင်းရင် လူသတ် ဓားပြတိုက်တယ်။

လူအင်အားမရှိသူတွေက ခိုးဆိုးလုနှိုက်လုပ်ကာ စစ်တပ်သတင်းပေး ဒလန်အဖြစ်နဲ့ အသွင်သဏ္ဌာန် အမျိုးအမျိုးယူပြီး ရပ်ရွာတွေမှာ ကျင်လည်ကျက်စားကြတယ်။ ရဲတွေကလည်း သူတို့ကို မမြင်ဘူး၊ ကန်းချင်ယောင် ဆောင်ထားကြတယ်။ စစ်တပ်ကလည်း မမြင်ချင်ယောင်ဆောင်ပြီး မြှောက်ပင့်ပေးကာ ဝေစုခွဲယူကြတယ်။ အဲ့ဒီထဲမှာ အဆိုးဆုံးက မူးယစ်ဆေးဝါးပဲ။ အာဏာပိုင်အရာရှိတွေကို ပေးကမ်းထားပြီး မူးယစ်ရာဇာ သူဌေးတွေက ခြေလှမ်းသွက်သွက်နဲ့ ရောင်းဝယ်ဖောက်ကားပြီး သူဌေးဘွဲ့ခံယူနိုင်ရေး ဈေးပေါပေါ ပစ္စည်းပေါပေါ ရောင်းချပေးနေကြတယ်။ ဒီလူစားတွေဟာ တော်လှန်ရေးရဲ့ ဆူးငြောင့်ခလုတ် အဟန့်အတားတွေ ဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ နွေဦးတော်လှန်ရေး လူထုတိုက်ပွဲကို ပုံဖျက်ဖို့ ပြည်သူတွေကို တော်လှန်ရေးမှာ အထင်အမြင်လွဲမှားစေမယ့် လုပ်ရပ်တွေ သိသာထင်ရှားစွာ ပြုလုပ်လာကြတယ်။ ဒါတွေကို ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာကြပြီး ပြတ်ပြတ်သားသား ထုတ်ဖော် အရေးယူရမယ်။ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန်ချိတ်ဆက် အသိပေးနေကြရမှာဖြစ်ပြီး မသင်္ကာစရာ တဦးတယောက်၊ အသင်းအဖွဲ့ တွေ့ရှိခဲ့ရင် အချိန်မီ ဟန့်တားထိန်းသိမ်းရမယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း ခြေမမကောင်း ခြေမ၊ လက်မ မကောင်းလက်မ ထုတ်ပြန်အသိပေးကာ အပြစ်ပေး အရေးယူရမှာဖြစ်တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာမြို့မှာဖြစ်သွားတဲ့ ကိုယ်ဝန်ဆောင်သည် သတ်ဖြတ်မှုဖြစ်ပြီး ရက်ပိုင်းမှာပဲ မုံရွာအကျဉ်းထောင်ကနေ အကျဉ်းသားတွေကို စစ်တပ်က စစ်ယာဉ်တန်းနဲ့ တော်လှန်ရေးအင်အားစုတွေ အမြင်မှားအောင် မိုးကာအုပ် မောင်းနှင်လာပြီး ထောင်ပြောင်းရွှေ့စဉ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်။ ဒီလုပ်ရပ်တွေဟာ မရိုးသားဘူးလို့ ပြောမယ်ဆို ပြောလို့ရပါတယ်။ ဒီဖြစ်စဉ်မှာ ဘာကိုသွားတွေ့ရသလဲဆိုရင် တော်လှန်ရေးအင်အားစုတွေ သတင်းပေး သတင်းယူမှု အားနည်းချက်တွေရှိလို့ ဖြစ်ရတယ်လို့ ကောက်ချက်ချလို့ ရပါတယ်။ သတင်းရင်းမြစ် (Source) ရဲ့ သတင်းပေးမှုနဲ့ နီးစပ်သူ အဆင့်ဆင့်ကနေ သတင်းအတည်ပြုကာ ဆောင်ရွက် လုပ်ဆောင်ရမှာဖြစ်တယ်။ ဖြစ်ပြီးမှ မှားသွားပါတယ်ဆိုပြီး တောင်းပန်ရုံနဲ့ ပြီးသွားမယ့်အရာတွေ မဟုတ်ပါဘူး။ တော်လှန်ရေးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ဖြစ်စဉ်တွေသာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ အထူးသတိထား ဆောင်ရွက်ရမယ့် အချိန်ကာလထဲကို ရောက်ရှိနေပါပြီ။ ပြည်သူတွေကလည်း နေ့စဉ် တော်လှန်ရေးအောင်ပွဲသတင်းတွေ၊ နိုင်ငံတကာက အရေးယူလှုပ်ရှားမှုတွေကို ရင်တမမနဲ့ စောင့်ကြည့်ရင်း ရင်ခုန် စိတ်လှုပ်ရှားနေကြမယ် ထင်ပါတယ်။ တော်လှန်ရေးရဲဘော်တွေ ထိခိုက်ကျဆုံးတဲ့သတင်း ကြားသိရရင် တိတ်တဆိတ် ငိုကြွေးကြသလို အောင်ပွဲဆင်နိုင်ခဲ့ရင် တဦးနဲ့တဦး ပြောဆို အသိပေးရင် ကြိတ်ပြီး ပျော်ရွှင်နေကြမှာ မလွဲဧကန်ပါပဲ။

အရုဏ်ကျင်းလို့ အလင်းမရောက်မီ ပိုမှောင်သလို နွေဦးတော်လှန်ရေးဟာ သန်းခေါင်ယံကို ကျော်လို့ နေ့သစ်ရဲ့ အလင်းရောင်သမ်း လာပါပြီ။ အရေးကြီးဆုံးကာလထဲကို ရောက်လာပါပြီ။ မကြာခင်မှာ ပြည်သူတွေ မျှော်လင့်တောင့်တနေကြတဲ့ နိုင်ငံတော်သစ်ကြီးမှာ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ တွဲလက်ညီစွာ ဖက်ဒရယ် မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ကြရပါတော့မယ်။

တော်လှန်ရေးကို ဖျက်ဆီး ဟန့်တား နှောင့်ယှက်မယ့် ဖက်ဆစ်စစ်တပ် လက်‌အောက်ခံ လူဆိုးလူမိုက်ဂိုဏ်းတွေ လူယုတ်မာတွေကို မိမိတို့နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်အတွင်းမှာ ရှိနေရင် စောင့်ကြည့်ပြီး လှုပ်ရှားမှုမှန်သမျှ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေဆီကို အသိပေးကြပါ။ ဖက်ဆစ်စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အသက်သွေးချွေး စည်းစိမ်ဥစ္စာ စွန့်လွှတ်လိုက်ရသူတွေအတွက် ရရာနည်းနဲ့ တော်လှန်ရေးမှာ ပါဝင်ကြပါလို့ တောင်းဆိုရင်း.. ငါတို့တွေ နိုင်ကိုနိုင်ရမယ် ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013