DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပြောင်းဆန် အကောက်ခွန်လွတ်တင်သွင်းခွင့် ၁ လသက်တမ်းတိုးရန် တောင်းဆိုချက် ထိုင်းပယ်ချ
DVB
·
August 29, 2023
မြန်မာ့ပြောင်းဆန် အကောက်ခွန်လွတ်တင်သွင်းခွင့် ၁ လသက်တမ်းတိုးရန် တောင်းဆိုချက် ထိုင်းပယ်ချ
Donate to DVB

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ မြေပြိုပြီး လမ်းပိတ်နေမှုကြောင့် မြန်မာပြောင်းဆန်တွေ အကောက်ခွန်လွတ်တင်သွင်းခွင့် တစ်လ သက်တမ်းထပ်တိုးပေးဖို့ စစ်ကောင်စီ စီးပွားကူးသန်းဌာန တာဝန်ရှိသူတွေနဲ့ ထိုင်းကုန်သည်တွေက တောင်းဆိုပေမယ့် ထိုးအစိုးရကပယ်ချလိုက်တယ်လို့ ပြောင်းကုန်သည်တွေထံက သိရပါတယ်။

ထိုင်းနိုင်ငံမှာ ပြောင်းပေါ်ချိန်ရောက်ရှိနေပြီး  ပြောင်းလိုအပ်ချက် မရှိတာကြောင့်  သက်တမ်းတိုးပေးဖို့ တောင်းဆိုချက်ကို  ပယ်ချခဲ့တာ ဖြစ်တယ်လို့ ပြည်တွင်း ပြောင်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ထိုင်းနိုင်ငံ အစာစပ်စက်ရုံတွေက သူတို့ရဲ့ ပြောင်းလက်ကျန် လုံလောက်တဲ့အပြင် ထိုင်းနိုင်ငံမှာလည်း ပြောင်းပေါ်ချိန် ရောက်နေတာဖြစ်လို့ ပြောင်းလိုအပ်ချက်မရှိဘူးလို့ တင်ပြတဲ့ အတွက် ထိုင်းနိုင်ငံကို အကောက်ခွန်လွတ် ပြောင်းတင်ပို့ခွင့် သက်တမ်းထပ်တိုးပေးဖို့မရှိဘူးလို့ သိရတယ်။”

ဒါကြောင့် ထိုင်းနိုင်ငံကို အခွန်လွတ် ပြောင်းတင်ပို့ခွင့်ကာလဟာ အရင်နှစ်တွေနည်းတူ ဩဂုတ်လ ၃၁ ရက်နေ့မှာ  ပြီးဆုံးမှာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံဟာ မြန်မာပြောင်းကို နှစ်စဉ် ဖေဖော်ဝါရီကနေ သြဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုထားတာဖြစ်လို့ အခွန်လွတ်တင်ပို့ခွင့်ကာလက ရက်ပိုင်းပဲ ကျန်ပါတော့တယ်။

အခုနှစ်မှာတော့  မြန်မာစစ်ကောင်စီရဲ့ ငွေကြေးမူဝါဒတွေ၊ ပို့ကုန်၊ ထုတ်ကုန် မူဝါဒအပြောင်းအလဲတွေကြောင့် ပြောင်းဈေးထိုးကျခဲ့ပြီး ပြည်ပတင်ပို့မှုကို ထိခိုက်ခဲ့သလို မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး အတွက် အဓိကလမ်းပိုင်း မြေပြိုမှုကြောင့်လည်း ရာသီချိန် ပြောင်းတင်ပို့မှု ပမာဏကို လျော့ကျစေခဲ့ပါတယ်။

ထိုင်းနိုင်ငံကို ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ကနေ ဇူလိုင်လ အထိ   ၆ လအတွင်းတင်ပို့မှုက တန်ချိန် ၁ ဒသမ ၃ သန်းကျော် အထိရှိခဲ့ပြီး အခုနှစ် အလားတူကာလမှာတော့ တန်ချိန် ၁ သန်းကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေထံက သိရပါတယ်။

လက်ရှိမှာ ဘတ်စျေးအတက်နဲ့ ထိုင်းပြောင်းစျေးအမြင့်ကြောင့် မြန်မာ့ပြောင်း တစ်ပိဿာကို ရန်ကုန်စျေး ၁၂၃၀ ကျပ်ထိ စျေးမာနေပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက တစ်ပိဿာကို ၁၁၃၀နဲ့ ၁၁၄၀ ကျပ်ဝန်းကျင် ထိ ထိုးဆင်းခဲ့ပါတယ်။

လာမယ့် စက်တင်ဘာလကစပြီးမိုးပြောင်းသစ်တွေကလည်း ထပ်မံထွက်ရှိလာတော့မှာ ဖြစ်လို့ ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ခွင့်ကာလ ကုန်ဆုံးပါက မြန်မာပြောင်းဆန်စျေး လက်ရှိစျေးတန်းအောက် ကျဆင်းသွားနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

တစ်ဖက်မှာလည်း ပြောင်းကို ပြည်ပတင်ပို့ရောင်းချရာမှာ ပို့ကုန်ရငွေ ၅၀/၅၀ ရာခိုင်နှုန်း မူဝါဒက ကုန်သည်တွေကို အခက်တွေ့စေသလို တောင်သူတွေအတွက် ပြောင်းစျေးရငွေကိုလည်း လျော့နည်းရရှိစေပါတယ်။

ပြည်တွင်းမှာတစ်နှစ်ကို  စိုက်ပျိုးထုတ်လုပ်တဲ့ ပြောင်းတန်ချိန်က  ၂ ဒသမ ၃ သန်းနဲ့  ၂ ဒသမ ၆ သန်းကြားထွက်ရှိပြီး အခုနှစ်မှာအထွက်နှုန်းလျော့ကျခဲ့တယ်လို့လည်း ပြောင်းစိုက်တောင်သူတွေနဲ့ ကုန်သည်တွေထံက သိရပါတယ်။

ပြောင်းဈေးနှုန်းရရှိမှု နည်းတာကြောင့် ပြောင်းစိုက်ပျိုးတဲ့ တောင်သူတွေက ပြောင်းထက် အကျိုးအမြတ် ပိုရတဲ့ သီးနှံတွေကို ပြောင်းလဲစိုက်ပျိုးလာကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြောင်းကို ပြည်ပတင်ပို့တာအပြင်  မန္တလေးမြို့နဲ့ ရန်ကုန်မြို့မှာရှိတဲ့ အစာစပ်စက်ရုံတွေ ဒေသတွင်းမွေးမြူရေးလုပ်ငန်းတွေကလည်း ဝယ်ယူကြပါတယ်။

ပြည်ပတင်ပို့မှု အနေနဲ့ ထိုင်းနဲ့တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေး စခန်းတွေကတဆင့် တင်ပို့ပြီး ပင်လယ်ရေကြောင်းကနေ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်နဲ့ အာဖရိကတို့ကို  တင်ပို့နေတယ်လို့ ပြောင်းစျေးကွက်ကတဆင့် သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013