DVB Logo
Home
မြန်မာသတင်း
ကရင်နီ လူငယ်စွမ်းရည်မြှင့်သင်တန်းသားခေါ်ယူ 
DVB
·
August 29, 2023
ကရင်နီ လူငယ်စွမ်းရည်မြှင့်သင်တန်းသားခေါ်ယူ 
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်မှာ စစ်ပွဲတွေ ပြင်းထန်နေတဲ့ကြားထဲက တော်လှန်ရေးကာလမှာ လူငယ်တွေရဲ့ နိုင်ငံရေးစွမ်းဆောင်ရည် ပိုမိုရရှိလာဖို့နဲ့ နိုင်ငံရေးအသိပညာနိုးကြားဖို့အတွက် လူငယ်စွမ်းရည်မြှင့်သင်တန်းကို ဖွင့်လှစ်သွားမယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) က ထုတ်ပြန်ပါတယ်။

သင်တန်းကို ကရင်နီဒေသ တနေရာမှာ အောက်တိုဘာလ ၂ ရက်ကနေ  ၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်အထိ စာတွေ့ ၃ လ ၊ လက်တွေ့ ၃ လ နဲ့ စုစုပေါင်း ၆ လတာဖွင့်လှစ်သွားမှာဖြစ်ပြီး ရွေးချယ်ခံရတဲ့ သင်တန်းသားတွေဟာ သင်တန်းအာမခံကြေး ကျပ် ၃၀,၀၀၀ ပေးသွင်းရမှာဖြစ်ကာ သင်တန်းကာလအတွက် နေဖို့နဲ့ စားဖို့ စီစဉ်ပေးမယ်လို့ ဆိုပါတယ်တယ်။

KSY ပြောရေးဆိုခွင့်ရှိသူတဦးက “တော်လှန်ရေးကာလမှာ လူငယ်တွေ စစ်ရေးမှာ ပါဝင်မှု ပိုများလာတာကြောင့် ဒီကာလမှာ လူငယ်တွေနိုင်ငံရေး စွမ်းဆောင်ရည် ပိုမိုရှိလာဖို့နဲ့ နိုင်ငံရေးအသိပညာ နိုးကြားဖို့အတွက်အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ သင်တန်းပြီး မြောက်သွားရင်လည်း တချို့ လူငယ်တွေကို ကျမတို့ UKSYမှာ လုပ်ငန်းပိုင်းကူညီနိုင်ဖို့ အဖွဲ့ဝန်ထမ်းအနေနဲ့ ခေါ်ထားမှာဖြစ်ပြီး တချို့ကိုတော့ သက်ဆိုင်ရာလူငယ် အသင်းအဖွဲ့ တချို့ထံမှာ လုပ်ငန်းလုပ်နိုင်ဖို့ ချိတ်ဆက်ပေးသွားဖို့ရှိပါမယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

သင်တန်းသား ၈ ဦးကိုသာ ရွေးချယ်ခေါ်ယူသွားမှာဖြစ်ပြီး သတ်မှတ်ချက်အနေနဲ့ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်ကြားရှိသူ၊ သင်တန်းကာလ ၆ လလုံး အချိန်ပြည့် ပါဝင်တက်ရောက်နိုင်သူ၊ ကျား-မ တန်းတူရေးကို လက်ခံနိုင်သူ၊ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဆောင်ရွက်နိုင်သူ၊ ကရင်နီပြည်နယ်နိုင်ငံရေးနဲ့ အမျိုးသားအရေးကို စိတ်ဝင်စားသူ၊ စုပေါင်းအလုပ်လုပ်ခြင်းကို လက်ခံလုပ်ဆောင်နိုင်သူ၊ မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲ ပြည်နယ်အရေးနဲ့ အမျိုးသားအရေးကို သယ်ပိုးနိုင်သူတို့ကိုသာ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

လူငယ်စွမ်းရည်မြှင့်သင်တန်းမှာ ကွန်ပြူတာနဲ့ အင်္ဂလိပ်စာ အခြေခံဘာသာရပ်တွေအပြင်  နိုင်ငံရေးဘာသာရပ်တွေဖြစ်တဲ့ ဖက်ဒရယ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ စတာတွေကိုလည်း အဓိကသင်ကြားပေးသွားမှာပါ။

ကရင်နီပြည်နယ်မှာ နေထိုင်ကြတဲ့ အသက် ၁၈ နှစ်မှ ၃၀ အကြား လူငယ်တွေ၊UKSY အဖွဲ့ဝင် အဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ ကရင်နီပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစု လူငယ်တွေအားလုံး လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) အနေနဲ့ သုံးနှစ်တကြိမ်ကျင်းပတဲ့ ၄ ကြိမ်မြောက်ညီလာခံ အပြီးမှာ အခုလို လူငယ်စွမ်းရည်မြှင့်သင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်တာဖြစ်တယ်လို့ သမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013