DVB Logo
Home
မြန်မာသတင်း
ပြည်ပမှတင်သွင်းသည့် ဆေးဝါးများ ဈေးတက်နေပြီး ကုမ္ပဏီအချို့ အရောင်းပိတ်
DVB
·
August 28, 2023
ပြည်ပမှတင်သွင်းသည့် ဆေးဝါးများ ဈေးတက်နေပြီး ကုမ္ပဏီအချို့ အရောင်းပိတ်
Donate to DVB

ပြည်တွင်းမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်တာ၊ ကုန်ဈေးနှုန်း မြင့်တက်တာနဲ့အတူ ပြည်ပက တင်သွင်းတဲ့ ဆေးဝါးတွေ အကုန် ဈေးတက်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကုမ္ပဏီတချို့ အရောင်းပိတ်တဲ့အထိ ကြုံခဲ့တယ်လို့ ရန်ကုန်မြို့ ဆေးဝါးနဲ့ ဆေးပစ္စည်း လက်လီလက်ကား ရောင်းချသူတွေက ပြောပါတယ်။ 

သြဂုတ် ၂၅ ရက်အထိ ပြင်ပမှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၃၇၀၀ ကျော်အထိ ပေါက်ဈေး ရှိပါတယ်။ အဲ့ဒီမတိုင်ခင် ဒေါ်လာဈေး ၃၈၀၀ ကျော်အထိ ရောက်ခဲ့တာကြောင့် ဈေးကွက်ထဲမှာ ဆေးဝါး ပစ္စည်းတွေ အရောင်းအဝယ် ပြတ်တဲ့အထိ ခက်ခဲခဲ့တယ်လို့ ဆေးဝါး လက်လီ လက်ကားရောင်းချသူ တယောက်က ပြောပါတယ်။

"ဆေးတွေက ပြတ်တယ်။ ဈေးတွေလည်း အရမ်းတက်တယ်။ တချို့ဟာတွေဆို ၂၀၀၀ တန် ပစ္စည်းဆို ၅၀၀၀၊ ၅၅၀၀ ၊ ၆၀၀၀ အဲ့လိုမျိုးတွေ ဖြစ်နေတယ်။ တချို့ ကုမ္ပဏီတွေက အရောင်းတွေ ပိတ်သွားတယ်။ အရောင်းတွေ ပိတ်ပြီး ဈေးတွေ တက်ကြတယ်။ ဒေါ်လာဈေးလေး နည်းနည်း လှုပ်ပြီဆိုရင် တချို့ ပစ္စည်းတွေ တက်ကြတယ်။ မတက်တဲ့ဆေးလို့ မရှိတာ။ ဘိုင်အိုဂျက်ဆစ်တို့ ဘာတို့ ဆိုရင်တောင် အနည်းဆုံး ၅၀၀၊ ၂၀၀၊ ၃၀၀ တက်တယ်။ တော်တော်များများ ဝယ်ရခက်တယ်။ ပစ္စည်းလည်း တော်တော်များများပြတ်ကြတယ်။"

"အခက်အခဲတွေ တော်တော်ကြုံရတယ်။ ကျနော်တို့က လက်ကား Wholesale လေ။ အောက်ဆိုင်တွေကလည်း ဈေးတက်တယ်။ အပေါ်မှာလည်း ဈေးတက်တယ်။ အရောင်းအဝယ်တော့ ပါးသွားတယ်။ လုပ်ရ အဆင်မပြေဘူး။ အရောင်းရပ်ထားတာ အခု ရက်ပိုင်းမှာတော့ မရှိဘူး။ လွန်ခဲ့တဲ့ တပတ်လောက် ဝန်းကျင်ကတော့ တချို့ တချို့ ပစ္စည်းတွေ အရောင်းရပ်ထားတယ်။ ပြည်တွင်းမှာလည်း ဈေးတက်တယ်။ BPI တို့ ဘာတို့တော့ မတက်ဘူးပေါ့။ နည်းနည်း ဗမာဆေးတွေဘာတွေ ဈေးတက်တယ်။"

စစ်ကောင်စီရဲ့ ငွေကျပ် ၂ သောင်း ထွက်ပြီးနောက်ပိုင်း မြန်မာငွေဈေး ကျဆင်းလာတာကြောင့် နိုင်ငံခြားက တင်သွင်းတဲ့ ဆေးဝါးအကုန် ဈေးတက်ကုန်တာလို့ ဆေးဝါး ရောင်းချသူတွေက ပြောပါတယ်။

ပုံမှန် သောက်သုံးနေကျ ဆေးဝါးတွေ ဈေးနှုန်းက ၂ ဆကနေ ၃ ဆအထိ ဈေးတက်နေပြီး ဝယ်ရခက်တဲ့ ဆီးချိုဆေး၊ ကျောက်ကပ်ဆေးနဲ့ နှလုံး အားဆေးတွေအတွက် ဝယ်ယူဖို့ လုံလောက်တဲ့ ပမာဏ မရှိတာကြောင့် ဆေးအရောင်းဆိုင်ကြီးတွေမှာ ရှာဖွေ ဝယ်ယူရတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် ဈေးကွက်ထဲမှာ ရှာရခက်တဲ့ ဆေးတွေကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယတို့ကနေ ဈေးကြီးကြီး ပေးပြီး မှာယူသုံးစွဲနေရတယ်လို့လည်း ပြည်သူတယောက်က ပြောပါတယ်။

"၁၀၀၀ တန် ဆေးက ၃၀၀၀ လောက် ဖြစ်သွားတယ်။ တချို့ဆေးတွေက ဆေးဆိုင်ကို မှာထားလိုက်တယ်။ ဆေးတွေက ခဏပြတ်တာတို့ ဘာတို့ ရှိတယ်။ ဆီးချိုဆေးနဲ့ နှလုံးဆေး သောက်တယ်။ ညီမ အဒေါ်တွေ အရင်က သုံးတာတော့ တလကို ၁ သိန်းဖိုး သုံးတယ်။ အခုက ၂ သိန်းကျော် ၃ သိန်းလောက် ဖြစ်သွားတာပေါ့။ ၂ ဆ ကျော်၊ ၃ ဆ နီးပါး တက်သွားတာပေါ့။ တချို့ နှလုံးဆေးတွေကတော့ ဆေးရုံမှာ တခါတည်း ဝယ်တာလည်း ရှိတယ်။ တချို့ ဝယ်နေကျဆိုင်တွေမှာ ပြတ်သွားလို့ နည်းနည်း ဆိုင်ပတ်ရှာပြီး ဝယ်ရတာလည်း ရှိတယ်။"

ကုန်ဈေးနှုန်းတက်တာ နောက်ဆက်တွဲအနေနဲ့ ဈေးကွက်ထဲမှာ အရည်အသွေး မမီတဲ့ ပစ္စည်း အတုအပတွေ ပို ဝင်ရောက်လာနိုင်ပြီး အဲဒီထဲမှာ ဆေးဝါး အတုအပတွေ ပါလာရင် ပြည်သူတွေအတွက် ကျန်းမာရေး စိုးရိမ်ရတဲ့ အနေအထားလို့ လုပ်ငန်းရှင်တယောက်က သုံးသပ် ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်တာ၊ စီးပွားရေးကျဆင်းတာနဲ့ အလုပ်အကိုင် ရှားပါးတာတွေကြောင့် ပြည်သူတွေ စားဝတ်နေရေးကအစ အထွေထွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပါ။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ၂၀၂၃ ခုနှစ်စာရင်းအရ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ၂၅ နိုင်ငံမှာ မြန်မာနိုင်ငံ ပါဝင်နေပြီး အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံအဖြစ် ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013