DVB Logo
Home
မြန်မာသတင်း
HIV ပိုးကူးစက်ခံရသူများအတွက် ရန်ကုန်တွင်   ART ဆေးရရန် ခက်ခဲနေ 
DVB
·
August 28, 2023
HIV ပိုးကူးစက်ခံရသူများအတွက် ရန်ကုန်တွင်   ART ဆေးရရန် ခက်ခဲနေ 
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ HIV ပိုးကူးစက်ခံနေရသူတွေအတွက် ရောဂါတန့်ဆေး   ART ဆေးတွေရှားပါးပြီး ဆေးအလုံအလောက်မရတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့  ART ဆေးပေးခန်းတွေနဲ့  ဆေးသောက်သုံးနေရသူတွေထံက သိရပါတယ်။ 

ရန်ကုန်မြို့ရှိ HIV/AIDS  ကုသရေးစင်တာတွေမှာ တီဘီရောဂါ၊  ကာလသားရောဂါ၊ HIV စတဲ့ လိင်နဲ့ပတ်သတ်တဲ့ ရောဂါလက္ခဏာတွေအတွက် လာရောက်ပြီး သွေးစစ်တာအပြင် ART ဆေးတွေ လာရောက်ထုတ်ယူကြတဲ့  လူနာအရေအတွက် တရက်ကို အယောက် ၁၅၀ ဝန်းကျင်မှ ၂၀၀ ဝန်းကျင် အထိရှိနေပြီး ဆေးရှားပါးမှုကြောင့် အားလုံးကို ဆေးထုတ်ပေးဖို့ အခက်အခဲနဲ့ ကြုံနေရတာပါ။ 

ရန်ကုန်ရှိ  HIV/AIDS ကာကွယ်ကုသမှုပေးနေတဲ့ ဆေးခန်းတာဝန်ရှိသူတဦးက“ART ဆေးက ရန်ကုန်မှာ အရင်လိုဆေးကမပေါတော့ဘူး။ အရမ်းရှားနေတာ၊ တချို့နေရာတွေဆိုရင် တခါပေးရင် ၁၀ လုံးလောက်ပဲပေးနိုင်တော့တယ်။ အာဏာမသိမ်းခင်နှစ်တွေတုန်းက ၃ လစာ အနည်းဆုံး ပေးနိုင်တယ်။ နိုင်ငံရေးအခြေအနေ မကောင်းတော့ ရောဂါကူးစက်မှုနှုန်းကလည်း ပိုများလာတာ၊ ကူးစက်နှုန်းက တနေ့ကို ၅ ယောက်နဲ့ပဲတွက်ကြည့်။ ဒါတောင်အနည်းဆုံးပမာဏမကို တွက်တာ၊  တလဆိုရင် ဘယ်လောက်များမလဲဆိုတာ တွက်ကြည့်လိုက်ရင် ပိုသိသာမယ်၊ ကူးစက်မှုနှုန်းများလာလေလေ ဆေးပေးရတာတွေက အရေအတွက်များလာလေဆိုတော့ ဆေးကို အလုံအလောက်ပေးတာ မနိုင်တော့ဘူးဆိုတဲ့ သဘောဖြစ်နေတယ်” လို့ ပြောပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေအရ နေရပ်ဒေသအသီးသီးကို ပြောင်းရွှေ့နေထိုင်ကြရတဲ့ HIV  ပိုးကူးစက်ခံရသူတွေအများအပြားလည်း ရှိနေတာဖြစ်ပြီး သူတို့ဟာလည်း ART ဆေး ရရှိဖို့ အခက်အခဲများစွာကြုံနေရတာဖြစ်ပါတယ်။

ART ဆေး သောက်နေရသူတဦးက “ကျနော်က ရန်ကုန်မှာ အလုပ်လုပ်နေရင်း ART ဆေး သောက်လာတာ ၇ နှစ်နီးပါးရှိနေပြီ။ အရင်တုန်းကဆိုရင် ၆ လ ပေးတာလည်း ရှိတယ်။ အနည်းဆုံးက ၃ လစာအထိပေးတယ်။ အဲ့တာက တော်တော်လေး အဆင်ပြေတယ်။ အခု ၂၀၂၁ နောက်ပိုင်းကစပြီး ဒီဆေးခန်းတွေကို တလတကြိမ် ဆေးသွား ထုတ်နေရတယ်။ နောက်ပိုင်း လုံခြုံရေးအရ တခြားနယ်မှာပြောင်းနေရလို့ ဆေးကထုတ်ဖို့အတွက် ရန်ကုန်ကို မဖြစ်မနေ လာရတယ်။ ဒီလိုအခက်အခဲတွေရှိတာကို ပြောပြပေမဲ့ ဆရာဝန်တွေကလည်း ဆေးအလုံအလောက်မရှိလို့၊ ခွဲတမ်းနဲ့ ပေးနေရလို့ တလထက်ပိုပေးလို့ မရဘူးပြောတယ်” လို့ ပြောပါတယ်။ 

HIV ပိုးရှိသူတွေနေနဲ့  ART ဆေးကို နေ့စဉ် အချိန်မှန်မှန် သောက်ဖို့လိုအပ်ပြီး ဆေးကုသမှုထိရောက်အကျိုးရှိစေဖို့ လိုအပ်တဲ့ အချက်အလက်တွေအတိုင်း လိုက်နာဖို့လိုအပ်ပြီး ART ဆေးပုံမှန်မသောက်ရပါက သွေးထဲမှာ HIV ပိုးကောင်ရေပမာဏတိုးလာနိုင်တာက စတင်ပြီး  AIDS ရောဂါအဆင့်သို့ရောက်ကာ အသက်အန္တရာယ်ရှိလာနိုင်တာဖြစ်ပါတယ်။ 

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့  NAC ဂေဟာတာဝန်ခံ ကိုရာဇာကိုလည်း စစ်ကောင်စီက ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်မှာ ဖမ်းဆီးသွားပြီး ဒီဇင်ဘာ ၂၈ ရက်မှာ  ထောင်ဒဏ် ၃ နှစ် ချမှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013