
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ပင်းတလဲကျောင်းကွေ့မှာ ဩဂုတ် ၂၇ ရက် ဒီနေ့ မနက်ပိုင်းက ဆီဘောက်ဆာယာဉ်နဲ့ တွဲကားတိုက်မိလို့ ဆီဘောက်ဆာယာဉ် မီးလောင်ပြီး ၁ ယောက်သေဆုံး၊ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံ ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ရန်ကုန်- မန္တလေးအမြန်လမ်းဟောင်း၊ မိုင်တိုင်အမှတ် ၇၆ မိုင် ၄ ဖာလုံနဲ့ ၅ ဖာလုံကြားမှာ ဒီမနက် ၁၀ နာရီခွဲလောက်က အမြန်လမ်းဟောင်းပေါ်မှာ မောင်းနှင်နေတဲ့ ကုန်တင်တွဲကားနဲ့ ရန်ကုန်ဘက်ကနေ လောင်စာဆီတင်ဆောင်လာတဲ့ ဆီဘောက်ဆာကားတို့ဟာ ကားချင်းပွတ်တိုက်မိရာကနေ ဆီဘောက်ဆာယာဉ် တိမ်းမှောက်သွားပြီး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။
မြို့ဦးမေတ္တာအသင်းတာဝန်ရှိသူတယောက်က “တွဲကားနဲ့ဆီကား ချိတ်မိပြီးတော့ လောင်တာ။ လမ်းဟောင်းပေါ်က ပင်းတလဲကျောင်းကွေ့မှာပါ၊ ဒရိုင်ဘာကတော့ မီးထဲပါသွားတယ်။ စပယ်ရာကတော့ လွင့်ထွက်သွားတော့ ဒဏ်ရာရထားပါတယ်။ ကားထဲမှာ DB ပြန်တွေ့ဖို့က မလွယ်ပါဘူး။ ကားပါ အရည်ပျော်ကျကုန်တာ” လို့ ပြောပါတယ်။
ကား ၂ စီးပွတ်တိုက်မိချိန်မှာ ဆီဘောက်ဆာကားရဲ့ ယာဉ်အကူအမျိုးသားဟာ ကားထဲကနေ လမ်းပေါ်လွင့်ထွက်ကျခဲ့တာဖြစ်ပြီး ယာဉ်မောင်းအမျိုးသားကတော့ ကားထဲပါသွားခဲ့တာကြောင့် မီးလောင်ပေါက်ကွဲတာမှာ ပါဝင်သေဆုံးသွားပါတယ်။
မီးလောင်တဲ့နေရာကို ညောင်လေးပင်မီးသတ်၊ ပြွန်တန်ဆာမီးသတ်တို့နဲ့အတူ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြပြီး နေ့လယ် ၁ နာရီလောက်မှာမှ မီးငြိမ်းသွားပါတယ်။
ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရထားတဲ့ အသက် ၃၀ ကျော်အရွယ် ယာဉ်အကူအမျိုးသားကို မြို့ခံကယ်ဆယ်ရေးယာဉ်နဲ့ ပြွန်တန်ဆာဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပြီး သေဆုံးသူယာဉ်မောင်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အမြန်လမ်းဟောင်းပေါ်မှာပဲ ဩဂုတ် ၂၆ ရက်နေ့က ပျော်ဘွယ်မြို့၊ မိုင်တိုင်အမှတ် ၂၉၀/၇ ဖာလုံမှာ ဆီတင်ကားနဲ့ တွဲကားတိုက်မိပြီး လူ ၃ ယောက် ဒဏ်ရာရခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လတုန်းက ပြွန်တန်ဆာ၊ ပင်းတလဲကျောင်းကွေ့မှာပဲ ဆီဘောက်ဆာကားတစင်း တိမ်းမှောက် မီးလောင်ခဲ့ပါသေးတယ်။










