DVB Logo
Home
မြန်မာသတင်း
နာမည်ကြီးအမှတ်တံဆိပ်များ ထွက်မသွားရန် အထည်ချုပ်လုပ်ငန်းရှင်များတောင်းဆို
DVB
·
August 27, 2023
နာမည်ကြီးအမှတ်တံဆိပ်များ ထွက်မသွားရန် အထည်ချုပ်လုပ်ငန်းရှင်များတောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ အပ်ထည်အော်ဒါပေးနေတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေအနေနဲ့ ထွက်ခွာမသွားဘဲ ဆက်လက်ပူးပေါင်းလုပ်ဆောင်ဖို့ အထည်ချုပ်လုပ်ငန်းရှင်တွေက အပူတပြင်းတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကနေ H&M လုပ်ငန်းစု ထွက်ခွာမယ်ဆိုတဲ့ သတင်းအပေါ်အခြေခံပြီး အထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)က ထုတ်ပြန်ချက်တစောင်ထုတ်ခဲ့ပြီး အဲဒီမှာ နာမည်ကြီးအမှတ်တံဆိပ်တွေထွက်ခွာမသွားဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

H&M မြန်မာနိုင်ငံကနေ ထွက်ခွာမယ် ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ အခုလို မမျှော်မှန်းထားတဲ့ ဖြစ်ပေါ်ပြောင်းလဲမှု သတင်းစကားကြားရလို့ စိတ်မကောင်း ဖြစ်ရတယ်လို့ MGMA ကဆိုပါတယ်။

အခုလို အထည်အပ်နှံတဲ့အမှတ်တံဆိပ်တွေရဲ့ ထွက်ခွာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အလုပ်ထုတ်ခံရနိုင်ခြေ မြင့်မားမှုအပါအဝင် စက်ရုံတွေက ဝန်ထမ်းတွေရဲ့ အသက်မွေးဝမ်းကြောင်းကို များစွာထိခိုက်စေနိုင်သလို ၂၀၀၀ ခုနှစ် အစောပိုင်းက အလားတူထွက်ခွာမှုတွေကြောင့် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရပြီးဖြစ်တယ်လို့လည်း အထည်ချုပ်လုပ်ငန်းရှင်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ တာဝန်သိစွာဆက်လက် တည်ရှိနေခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ အခိုင်အမာယုံကြည်ကြောင်းနဲ့ တာဝန်ယူမှုနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်တာကြောင့် လက်ရှိ အလုပ်အကိုင်အခြေအနေတွေ ပိုမိုကောင်းမွန်လာစေဖို့ အထောက်အကူပြုမယ်လို့ ယုံကြည်ကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် MGMA အနေနဲ့ မြန်မာနိုင်ငံမှာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ်တွေ၊ မိတ်ဖက်တွေနဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ အမြဲအဆင်သင့်ရှိနေပြီး အထည်ချုပ်လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေ အားလုံးအတွက် အထည်ချုပ်ကဏ္ဍ အခြေအနေတိုးတက် ကောင်းမွန်လာဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိပြုကြောင်းဆိုပါတယ်။

အထည်ချုပ်အလုပ်ရှင်အသင်းရဲ့ ထုတ်ပြန်ချက်မှာ သူတို့အကျိုးစီးပွားအတွက် အလုပ်သမားတွေကို အကြောင်းပြရုံသာဖြစ်တယ်လို့ ပြည်တွင်းအခြေစိုက် အလုပ်သမားအဖွဲ့တွေက ဆိုပါတယ်။

"အဲဒီ Brand ချုပ်တဲ့စက်ရုံတွေက နဂိုကသာ အလုပ်သမားအခွင့်အရေးတွေ၊ လုပ်ခတွေ စံချိန်မီပေးထားခဲ့ရင် အခုလိုဖြစ်လာစရာမရှိဘူး။ သူတို့ကြောင့်ပဲ ထွက်သွားကြတာ" လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အလားတူ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM) တာဝန်ရှိသူကလည်း "Brand တွေက တကယ်ထွက်၊ မထွက်ကလည်း စောင့်ကြည့်စရာဖြစ်နေတယ်။ MGMA ဆို သူ့လက်အောက်က စက်ရုံတွေမှာ ဖိနှိပ်မှုရှိနေတာကို မသိကျိုးကျွံ ပြုနေခဲ့တာ။ အခု သူတို့အကျိုးစီးပွားထိမှ အသံထွက်လာတာ" လို့ ပြောပါတယ်။

H&M အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံက ထွက်ခွာဖို့ အသိပေးခဲ့တာဖြစ်ပြီး သူ့မတိုင်ခင် အဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘာကျော် အမှတ်တံဆိပ်တချို့ကလည်း အလားတူ ထွက်ခွာမယ့်အကြောင်း ကြေညာခဲ့ပါသေးတယ်။

ထွက်ခွာမယ်ဆိုတဲ့ အမှတ်တံဆိပ်တချို့တွေက ပြည်တွင်းမှာ ဆက်လက် ချုပ်လုပ်နေကြဆဲဖြစ်ပြီး သူတို့ရဲ့ရပ်တည်မှုဟာလည်း မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေကဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013