DVB Logo
Home
မြန်မာသတင်း
အထည်ချုပ်လုပ်ငန်းရှင်အချို့ စစ်ကောင်စီနှင့်ပေါင်းပြီး အလုပ်သမားများအပေါ် ခေါင်းပုံဖြတ် ကုပ်သွေးစုပ်နေ
DVB
·
January 12, 2022
အထည်ချုပ်လုပ်ငန်းရှင်အချို့ စစ်ကောင်စီနှင့်ပေါင်းပြီး အလုပ်သမားများအပေါ် ခေါင်းပုံဖြတ် ကုပ်သွေးစုပ်နေ
1 / 2
Donate to DVB

အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာမှုမရှိတဲ့ အထည်ချုပ်လုပ်ငန်းပိုင်ရှင်တွေနဲ့ အဂတိမကင်းတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနက အမှုထမ်းတွေ ပူးပေါင်းပြီး ဥပဒေ လက်တလုံးခြားဆောင်ရွက်နေကာ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်ကုပ်သွေးစုပ်နေတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

“အခုရက်ပိုင်းမှာ အချိန်ပိုခေါ်နေတာတွေ တော်တော်များလာတယ်။ တချို့ဆိုရင် အချိန်ပိုအတွက် ညလုံးပေါက် ခေါ်လို့ မဆင်းနိုင်တာမျိုးတောင် ရှိတယ်နော်။ အော်ဒါ သိမ်းလို့လားတော့ မသိဘူးပေါ့။ အော်ဒါက ဘယ်လ နောက်ဆုံးသိမ်းလည်းတော့ မသိဘူး။ လုပ်ငန်းရှင်ကလည်း မပြောဘူး။ တကယ်လို့ အော်ဒါ သိမ်းတယ်ဆိုလို့ ရှိရင်လည်းသူတို့ တွန်းလုပ်လိုက်ပြီးတော့ ကျန်တာကို မှေးထားမလား လုပ်နိုင်တယ်နော်။ ဒါက ပြောရရင် အလုပ်သမားကို မှေးထားတာပေါ့။ နောက်တချက်က လစား မပေးချင်လို့ နေ့စားအနေနဲ့ ခိုင်းထားတာရှိတယ်။ ဘာလို့လဲဆို နေ့စားဆိုရင် ဘာအခွင့်အရေးမှ ပေးစရာမလိုဘူး။ ၃ လပြည့်လို့ရှိရင် တပတ်နားပေါ့။ အော်ဒါမရှိလို့ နားလိုက်တယ် ဆိုပြီးတော့လေ။ ပြီးတဲ့အခါကျမှ အော်ဒါ ပြန်ရပြီ ဆိုပြီး ပြန်ခေါ်ကြတယ်။ ဒီအချိန်မှာ ဂုဏ်သိက္ခာမရှိတဲ့ လုပ်ငန်းရှင်တွေကတော့ နည်းမျိုးစုံနဲ့ အလုပ်သမားအပေါ်မှာ ကုပ်သွေးစုပ်ဖို့ ကြိုးစားနေကြတယ်” လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတဦးက  ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို လေးစားလိုက်နာကြတဲ့ နိုင်ငံကြီးတွေက လူသိများတဲ့ ကုန်အမှတ်တံဆိပ် Brand ရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ မြန်မာပြည်က ထွက်ခွာသွားကြပြီး ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အထည်ချုပ်လုပ်ငန်းတွေမှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တွေက အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေရှိလာသလို   အလုပ်သမားသမဂ္ဂတွေ အားမကောင်းတော့တဲ့အတွက်  အလုပ်သမားတွေဟာ ဥပဒေရဲ့ အကာအကွယ်ကိုလည်း လုံးဝမရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။ 

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးကလည်း “အခုအခြေအနေက သမဂ္ဂကလည်း အကြမ်းဖက်စစ်အာဏာ ရှင်လက်အောက်မှာဆိုတော့ အားမကောင်းဘူး။ ဘာလို့လဲဆို စုပေါင်း တောင်းဆိုမှု၊ စုပေါင်းရေးဆိုမှု ဆိုတာတွေကလည်း ဒီအချိန်မှာ ဘာမျှ အသက်မဝင်ဘူး ဖြစ်နေတာ။ သမဂ္ဂအနေနဲ့ စုစည်းပြီးတောင်းဆိုဖို့ ဆိုတာက ဒါကလည်း လုပ်လို့ မရဘူး။ ဘာလို့လဲဆို လူ ၅ ယောက်ထက် ပိုမစုရ ဆိုတော့လေ။ ဒီတော့ အလုပ်သမားတွေအတွက် တောင်းဆိုရမယ့် အခွင့်အရေးတွေအားလုံးကို အလုပ်သမားတွေက လုပ်ခွင့်မရကြဘူးဆိုတော့ အလုပ်ရှင်တွေက သူတို့လုပ်ချင်တာတွေ စလုပ်လာတော့တာပဲ။” လို့ပြောပါတယ်။

ဒါကြောင့် အခုလို ဥပဒေအကာအကွယ်မဲ့ ခေါင်းပုံဖြတ်ကုပ်သွေးစုပ်မှုတွေ အပေါ် အလုပ်သမားထုက မခံရပ်နိုင်တော့တဲ့ အချိန်မှာတော့ လူတန်းစားတိုက်ပွဲ ထွက်ပေါ်လာဖို့ရှိတယ်လို့ လည်း အလုပ်သမားအရေးလှုပ်ရှားသူက ပြောပါတယ်။

“စစ်ကောင်စီက သူတို့နဲ့ လိုက်လျောညီထွေမှုရှိတဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး မလေးစား၊ မလိုက်နာတဲ့သူတွေ၊ ရှင်းရှင်းပြောရရင် ကိုယ့်အိတ်ထဲပဲ ပိုက်ဆံထည့်မယ့်သူတွေနဲ့ပဲ စခန်းသွားပြီးလုပ်ကြမှာဆိုတော့ အလုပ်သမားတွေရဲ့ဘဝက မတွေးရဲစရာပဲနော်။ ဒီအချိန်မှာ လူတန်းစား တိုက်ပွဲတွေလည်း ဖြစ်လာနိုင်တယ်။ ဘာကြောင့်လဲဆို အလုပ်သမားတွေက ဘယ်လောက်ထိ သည်းခံနေနိုင်မလဲပေါ့။ ဘယ်လောက်ထိ ခေါင်းငုံ ငြိမ်ခံ နေနိုင်ကြမလဲ။ မနေနိုင်လို့ ကန်ထွက်လာကြပြီဆိုရင် စစ်မျက်နှာ ဘယ်မျက်နှာ ထပ်ဖွင့်လာကြမလဲ။ ဘာလို့လဲဆို လူတန်းစားတိုက်ပွဲဆိုတာကလည်း အင်မတန်မျှ ကြောက်စရာ ကောင်းတာလေ။” 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမားဝန်ကြီးဌာနမှာတော့ အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရသူတွေအနေနဲ့ တိုင်ကြားလို့ရတဲ့ အစီအစဉ်ရှိတယ်လို့လည်းသိရပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အထည်ချုပ်စက်ရုံတွေက အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲကျော် ဆုံးရှုံးခဲ့ရတယ်လို့ အလုပ်သမားများ ညီညွတ်ရေးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကနေ  သိရပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားတွေဟာ ညသန်းခေါင်မှာ နေအိမ်တွေကနေ ဆွဲထုတ်ခံရပြီး စစ်တပ်၊ သို့မဟုတ် ရဲတွေဟာ ချုပ်နှောင်ခံထားရသူတွေကို သေတဲ့အထိ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တာရှိနေတယ်လို့လည်း ကမ္ဘာလုံးဆိုင်ရာသမဂ္ဂ IndustriALL က ဥရောပကော်မရှင်ကို စာရေးတိုင်ကြားထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013