DVB Logo
Home
မြန်မာသတင်း
စစ်တပ်ထုတ်ကုန်များ ဆန့်ကျင်သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း
DVB
·
August 26, 2023
စစ်တပ်ထုတ်ကုန်များ ဆန့်ကျင်သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း
Donate to DVB

စစ်အာဏာရှင်ကို ဖြုတ်ချမယ့် ဘဏ္ဍာရေး တိုက်ပွဲအနေနဲ့ စစ်တပ်ရဲ့ အဓိက ထုတ်ကုန်တွေဖြစ်တဲ့ အရက်၊ ဘီယာ၊ စီးကရက် အဖျော်ယမကာ စတဲ့လုပ်ငန်းတွေကို ပြည်သူလူထု တရပ်လုံး ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်ရဲ့ အဓိက ထုတ်ကုန် (၈) မျိုးဖြစ်တဲ့ မြန်မာဘီယာ၊ Andaman Gold ၊ ဒဂုံဘီယာ၊ Mandalay Rum, Black Shield Stout, Army Rum, Red Ruby နဲ့ Premium Gold စီးကရက် အဲဒီ ထုတ်ကုန်တွေ အားလုံးကို လုံးဝ အားမပေးဘဲ သပိတ်မှောက်ဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနေတာပါ။

ဒါကြောင့် သြဂုတ်လက စလို့ နောက် ၂ လအတွင်း စစ်တပ် ထုတ်ကုန် ၈ မျိုးရဲ့ ရောင်းအား ၇၀ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားအောင် သပိတ်မှောက်ကြဖို့ နွေဦးတော်လှန်ရေးသပိတ် ခေါင်းဆောင်တစ်ယောက်က တိုက်တွန်းပြောဆိုပါတယ်။

"ကျနော်တို့ ဦးတည်တာကတော့ လက်ရှိ ဒီကုန်စည် ၈ မျိုးရဲ့ ဈေးကွက်ထဲမှာ ရောင်းချ ဖြန့်ဖြူးနေတဲ့ သူတို့ရဲ့ ရောင်းအား ရှိလိမ့်မယ်။ အဲဒီ ရောင်းအားကို ဒီလူထုတိုက်ပွဲ ဘဏ္ဋာရေးတိုက်ပွဲ အချိန် ၂ လအတွင်းမှာ ရောင်းအားရဲ့ အနည်းဆုံး ၇၀ ရာခိုင်နှုန်းအထက် ဖြိုချနိုင်ဖို့ ကြိုးစားနေပါတယ်။ အခု အင်မတန်လည်း ထိရောက်ပါတယ်။ ဒါဆောင်ရွက်လာတဲ့အချိန်တွင်းမှာလည်း လူထုက ပါဝင်လာတာ တွေ့ရတယ်။ စစ်တပ်ရဲ့ သွေးစွန်း ကုန်စည် ၈ မျိုး အရက် ဘီယာ စီးကရက် ဒီ ၈ မျိုးကို ပြတ်ပြတ်သားသား လူထုတရပ်လုံး အားမပေးဘဲ လုပ်ဖို့ လေးလေးနက်နက် မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်။"

"နောက်တပိုင်းက ဖက်ဆစ်တပ်ကို ဝင်ငွေ အဓိကပေးနေတာက မြန်မာ့ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ဖြစ်ပါတယ်။ MOGE ကို နိုင်ငံတကာက စီးပွားရေးအရ ဘဏ္ဍာရေးပိတ်ဆို့အောင် လူထုအသံနဲ့ ဖော်ထုတ်လို့ရပါတယ်။ အဲ့လို လူထုအသံ ဖော်ထုတ်နိုင်ခဲ့လို့ ရှေ့မှာ ဖက်ဆစ် တပ်ပိုင်တဲ့ ဘဏ် ၂ ခုကို နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့နိုင်ခဲ့ပြီးသွားပြီ။ ဒါလည်း အားလုံး သိရှိပြီးသားဖြစ်မှာပါ။ ဖက်ဆစ်တပ်က ငွေရေးကြေးရေးအရ တော်တော်လေး အကျပ်တည်း ဖြစ်နေချိန်မှာ ကျနော်တို့လူထုက ဘဏ္ဍာရေး တိုက်ပွဲကို ဟန်ချက်ညီညီ ပါဝင်ဖို့ ဖြစ်ပါတယ်"လို့ နွေဦးတော်လှန်ရေး ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက ပြောပါတယ်။

စစ်တပ်ရဲ့ အဓိက ဝင်ငွေအရင်းမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကနေ ၂၀၂၂-၂၀၂၃ အတွက် ကျပ် ဘီလီယံပေါင်း ၂၃၄၅ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် MOGE ကို အဓိက ပိုက်ဆံ ပေးနေတဲ့ PTTEP ကုမ္ပဏီကို လူထုနည်းနဲ့ ဖိအားပေးဖို့ ဒေါက်တာ တေဇာဆန်းက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်တပ် အသုံးပြုနေတဲ့ လက်နက်ဖိုးတွေ၊ ကျည်ဆန်ဖိုးတွေ၊ ဗုံးကြဲ တိုက်လေယာဉ် ဆီဖိုးတွေ မဖြစ်အောင် စစ်တပ်ထုတ်ကုန် မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့လည်း တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်း ပြောပါတယ်။

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ ဥက္ကဋ္ဌက "အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ကျည်ဆefတွေ၊ လက်နက်ပစ္စည်းတွေ၊ ဗုံးကြဲ သတ်ဖြတ် နေတဲ့ တိုက်လေယာဉ်တွေရဲ့ ဆီဖိုးတွေ လျော့နည်း ကုန်ခမ်းအောင် လုပ်ဆောင်နိုင်မှုဟာ လူထုရဲ့ Boycott ဘဏ္ဍာရေးတိုက်ပွဲပေါ်မှာ အများကြီး မူတည်နေပါတယ်။ စစ်ရေးအခြေပြုနယ်မြေတွေကို သွားရောက်ပြီး တော်လှန်နေကြတဲ့ ရဲဘော်တွေ၊ မြို့ပြကနေ ပြောက်ကျားသပိတ်လုပ်ပြီး တော်လှန်နေကြတဲ့ ရဲဘော်တွေလောက် တော်လှန်ရေးမှာ ကိုယ့်ကိုယ်ကိုယ် အားမရဘူးလို့ စိတ်ဓာတ်လျော့နေစရာ မလိုပါဘူး။ ဈေးရောင်းနေရင်း ဈေးဝယ်နေရင်း ဆိုင်ထိုင်နေရင်းနဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲ မျက်နှာစာမှာ လုံခြုံစွာနဲ့ Boycott ကြပါစို့"လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာလည်း စစ်တပ်ကဝင်ငွေရနေတဲ့ မြန်မာဘီယာလုပ်ငန်း မြန်မာ့ဘရူဝါရီ ကုမ္ပဏီတခုတည်းကနေ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တနှစ်အတွင်း အသားတင်အမြတ်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၀ လောက် ရနေတုန်းပဲလို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီကနေလည်း ကျပ်ငွေ သန်းပေါင်း ၁ သန်းကျော်အထိ ဝင်ငွေ ရရှိနေဆဲပဲလို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်တပ်ရဲ့ ဝင်ငွေရလမ်းမှန်သမျှကို ဖြတ်တောက်ဖို့ ဘဏ္ဍာရေး စစ်မျက်နှာစာအနေနဲ့ “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်” လှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲကို အထွေထွေ သပိတ်ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု - GSCB က သြဂုတ်လ ၂၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013