ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံ အမျိုးသမီးတယောက် ဒဏ်ရာ အပြင်းအထန်ရသွားပါတယ်။
ဩဂုတ် ၂၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပြီး လက်နက်ကြီးကျည်ဟာ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာက အသက် ၄၂ နှစ် အရွယ် အမျိုးသမီးတယောက် ယာခင်းထဲရှိနေတုန်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အဲဒီအမျိုးသမီးရဲ့ ဦးခေါင်းနဲ့ ခြေထောက်မှာ စိုးရိမ်ရတဲ့ဒဏ်ရာတွေ ရခဲ့တာကြောင့် ဆေးရုံကို အရေးပေါ် ပို့ဆောင် ကုသနေရတယ်လို့ ဒေါင်းမင်းသားညီနောင် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ စစ်ဆင်ရေးကာလအတွင်း အရေးနိမ့်လာတဲ့အခါ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေအပြင် နေအိမ်တွေကိုပါ မီးရှို့ဖျက်စီးတာတွေပါလုပ်လာခဲ့တာ အခုဆို နယ်မြေစိုးမိုးမှုကမရတော့ လက်နက်ကြီး ပစ်ကူပေးရတာနဲ့ လေကြောင်းကနေပါ တိုက်ခိုက်လာတာတွေရှိနေတယ်လို့ KNLA PDF ပူးပေါင်းတပ်ဖွဲ့ဝင် တာဝန်ရှိသူတယောက်က ပြောပါတယ်
ဩဂုတ်လအတွင်း စစ်ကောင်စီက စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ရမ်းသမ်းပစ်ခတ်နေပြီး ကျေးရွာနေ ပြည်သူတွေအနေနဲ့ အမြဲသတိထားနေထိုင်ကြဖို့လည်း ဒေသကာကွယ်ရေးတပ်တွေက သတိပေး နှိုးဆော် တိုက်တွန်းထားပါတယ်။