မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချို ပျူစောထီးရွာက ပျူစောထီး ၆ ယောက်ဟာ ဂွေးချိုရွာကနေ ဆင်ချောင်း ပျူစောထီးရွာကို ကားနဲ့အသွား လမ်းတနေရာမှာ အသင့်စောင့်ကြိုတိုက်ခိုက်ခံရလို့ အားလုံးသေဆုံးပြီး လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
ရေစကြိုမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က “သြဂုတ် ၂၅၊ ၆ နာရီလောက် ဖြစ်တာပါ။ ပစ်ခတ်မှုက ၅ မိနစ်လောက်ပဲ ကြာပါတယ်။ ဆင်းချောင်းရွာကိုသွားတဲ့ ပျူ ၆ ကောင်ကို စောင့်ကြို တိုက်ခိုက်နိုင်ခဲ့တာပါ။ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် အဓမ္မဆက်ကြေးကောက်နေတဲ့ ပျူခေါင်းဆောင် ငလင်းရဲ့ တပည့်တွေပါ။ ကာဘိုင် ၅ လက်ပါ၊ တကယ်တမ်း သူတို့ပါတာ ၆ လက်ပါ၊ တလက်က ပစ်ခတ်မှုဖြစ်စဉ်တုန်းက ကျည်မှန်ပျက်စီးသွားလို့ လွှင့်ပစ်လိုက်ရတယ်။ ကျည် ၈ ဘောက်၊ ၁၀၆ တောင့်ပေါ့၊ သိမ်းဆည်းရမိခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နဲ့ ပခုက္ကူခရိုင် တပ်ရင်း-၉ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။