DVB Logo
Home
မြန်မာသတင်း
၈ လအတွင်း သေဒဏ်ချမှတ်ခံရသူ ၁၉ ဦးရှိ၊ ရန်ကုန်က ၁၃ ဦးဖြင့် အများဆုံးပါဝင်
DVB
·
August 25, 2023
၈ လအတွင်း သေဒဏ်ချမှတ်ခံရသူ ၁၉ ဦးရှိ၊ ရန်ကုန်က ၁၃ ဦးဖြင့် အများဆုံးပါဝင်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၀၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၄၆၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၉၄၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၁၉၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၁ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၅၁၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ် ၂၅ ရက် ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ သေဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၁၅ ယောက်၊ စုစုပေါင်း ၁၉ ယောက်ရှိပြီး ရန်ကုန်တိုင်းက ၁၃ ယောက်နဲ့ အများဆုံး ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်ကလည်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် လက်နက်နဲ့ ရိက္ခာ ထောက်ပံ့တယ်လို့ စွပ်စွဲပြီးတော့ ဖမ်းဆီးခံရတဲ့ ကိုဇော်မျိုးထွန်း (ခ) တိုနီ၊ မမြင့်မြင့်အေး (ခ) အေးအေး၊ ကိုကျော်စွာဝင်း (ခ) ကျော်စွာနဲ့ ကိုအောင်ကျော်ကျော်မိုး (ခ) လားလားတို့ကို အင်းတော်မြို့နယ်စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၂(က) နဲ့ သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ကိုဇော်မျိုးထွန်း (ခ) တိုနီကို ၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းက အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ပြီး မမြင့်မြင့်အေး (ခ) အေးအေး၊ ကိုကျော်စွာဝင်း (ခ) ကျော်စွာနဲ့ ကိုအောင်ကျော်ကျော်မိုး (ခ) လားလားတို့ကိုတော့ ၂၀၂၃ ခုနှစ်၊ ဇွန်လတုန်းက အင်းတော်မြို့မှာပဲ ဖမ်းဆီးခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013