
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်း ချင်းတွင်းမြစ်ကမ်းဘေးက ကျောက်မှော်ရွာအုပ်စုမှာ ဩဂုတ် ၂၄ ရက် နေ့လယ် ၃ နာရီကျော်က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ DRPA ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ပြည်သူပိုင်ပစ္စည်းတွေနဲ့ ပြည်သူပိုင်သစ်လုံးတွေကို စစ်ကောင်စီတပ်က ခိုးယူသယ်ထုတ်နေတာကြောင့် သွားရောက်ပစ်ခတ်ရာက တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ယင်းမာပင်ခရိုင် တပ်ရင်း-၃၀ DRPA အဖွဲ့ တာဝန်ရှိသူ ကိုလင်းနွေကပြောပါတယ်။
“အင်အားကတော့ ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ ကျနော်တို့ လက်နက်ကြီးနဲ့ပစ်တော့ (--) စစ်တပ်ဘက်က လက်နက်ကြီးထိပြီး အော်တဲ့အသံတွေ ကြားရတယ်။ ပြန်လည်းပြန်ပစ်တယ်။ ဘယ်လောက်သေတယ် ဆိုတာတော့ အတိအကျ မသိရဘူး။ ကျနော်တို့ဘက်ကတော့ အကျအဆုံး မရှိခဲ့ဘူး။ တိုက်ပွဲကကြာချိန် ညနေ ၄ နာရီကျော်မှာ ကျနော်တို့ တပ်ပြန်ဆုတ်ခဲ့တယ်။ ဘာလို့ အခုလို တိုက်ပွဲပြုလုပ်ရတာလဲဆိုတော့ စခတွေက ပြည်သူပိုင်သစ်ကွင်းက သစ်တွေလည်း ခိုးထုတ်သလိုအဲဒီအနီးအနားက ရွာတွေထဲက ပြည်သူတွေရဲ့ ပစ္စည်းတွေလည်း သယ်ယူတာတွေပြုလုပ်လို့ ခုလို ပစ်ခတ်ရတာ” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DPRA၊ တပ်ခွဲ-၂ Black Shadow၊ ယင်းမာပင်ခရိုင် တပ်ရင်း-၃၅၊ ယင်မာပင်-ဆားလင်းကြီး လက်နက်ကြီးတပ်ပေါင်းစု၊ ဒေါင်းမင်းစစ်ကြောင်း၊ Black Vote Fighter အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဩဂုတ် ၁၆ ရက်က စတင်ပြီး စေသူရွာကို ဝင်ရောက်စစ်ကြောင်းထိုးကာ တပ်နောက်ပြန်မဆုတ်သေးတာကြောင့် ဒေသခံကာကွယ်ရေးတပ်နဲ့ ဒီနေ့အထိ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အခုလို နှစ်ဖက် စစ်ရေးတင်းမာနေတာကြောင့် ဒေသခံ ကျေးရွာ ၁၅ ရွာက ပြည်သူထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျော်မှော်အုပ်စုတွင်းနေ ပြည်သူတဦးက “စစ်ဘေးရှောင်နေရတာလည်း ကြာနေပြီဆိုတော့ စားရေး၊ သောက်ရေးကလည်း အတော်လေး အခက်အခဲ ဖြစ်လာတယ်။ နောက်ပြီး ကျနော်တို့ ရွာပြန်ဖို့ရာလည်း သူတို့က အခုထိ ရွာထဲကနေ မထွက်သေးတော့ အတော်လေး စိတ်ပျက်မိတယ်။ အိမ်မှာမွေးထားတဲ့ ကျွဲ၊ နွား၊ ဝက်တွေလည်း ပစ်ထားခဲ့ရတာဆိုတော့ ကိုယ့်အိမ်ကို ပြန်ချင်တာပေါ့။ သူတို့က ကျနော်တို့ရွာတွေကနေ မထွက်သေးဘဲ အိမ်တွေထဲက ပြည်သူတွေရဲ့ ပစ္စည်းတွေ သယ်ယူနေတာလည်း လုပ်နေကြတယ်။ မနေ့ကဆို အင်းဖျားရွာနဲ့ ကျောက်ကုန်းရွာက ပြည်သူပိုင်ပစ္စည်းတွေကို ကားတွေနဲ့ သယ်နေကြတယ်။ ဘယ်ကိုသယ်တာလဲဆိုတော့ သူတို့ အထိုင်ချထားတဲ့ ကျောက်မှော်ရွာကို သယ်တယ်လေ။ အဲရွာကနေ ချင်းတွင်းမြစ်အတွင်းကနေ ဖလပ်မော်တော်တွေနဲ့ အလုံ နမခဘက်ကို သယ်ထုတ်နေတာတွေ အတိုင်းသား မြင်နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇူလိုင်လအတွင်းကနေ စတင်ပြီး စေသူရွာ သစ်ကွင်းက သစ်လုံးတွေ သယ်ယူနိုင်ဖို့ အကြိမ်ကြိမ် စစ်ကြောင်းထိုးခဲ့ပြီး စစ်ကြောင်းထိုးရာ လမ်းတလျှောက်က စုန်းချောင်းရွာ၊ ပတိမ်ပြင်ရွာက အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်တော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။