DVB Logo
Home
နိုင်ငံတကာ
ဂျပန်က ပစိဖိတ်သမုဒ္ဒရာထဲ ရေဒီယိုသတ္တိကြွရေများ စတင်စွန့်ထုတ်
DVB
·
August 25, 2023
Donate to DVB

ဂျပန်နိုင်ငံက ဖူကူရှီးမား နျူးကလီးယားစက်ရုံရဲ့ ရေဒီယိုသတ္တိကြွရေတွေကို သြဂုတ် ၂၄ ရက်မှာ စတင်စွန့်ထုတ်နေပြီ ဖြစ်ပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲကို သန့်စင်ထားတဲ့ရေတွေ စွန့်ပစ်မယ့် လုပ်ငန်းစဉ်ဆိုင်ရာ ဗီဒီယိုတခုကို တိုကျို လျှပ်စစ်ဓာတ်အားပေးရေးကုမ္ပဏီ (TEPCO) က ထုတ်ပြန်ခဲ့တာပါ။

အဲ့ဒီဗီဒီယိုထဲမှာ TEPCO အလုပ်သမားတွေက စက်ရုံရဲ့ ထိန်းချုပ်ခန်းအတွင်း နေရာယူကာ ရေဖွင့်ချနိုင်ဖို့အတွက် သော့လှည့်နေတာကို တွေ့ရပါတယ်။ ပင်လယ်ထဲ မရောက်ခင်မှာ ဒီရေတွေက ရေမြောင်းတခုအတွင်း စီးဆင်းသွားတာကိုပါ ပြသထားပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဂျပန်အစိုးရအနေနဲ့ အပြီးသတ် ဆုံးဖြတ်ထားတာ ဖြစ်သလို ကုလသမဂ္ဂရဲ့ နျူးကလီးယားစောင့်ကြည့်ရေး အဖွဲ့ကလည်း ပြီးခဲ့တဲ့လမှာ ခွင့်ပြုပေးခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ဆူနာမီ ဝင်ရောက်မှုကြောင့် ပျက်စီးသွားခဲ့တဲ့ ဖူကူရှီးမား ဒိုင်အိချိ စက်ရုံကို ဖျက်သိမ်းပစ်ရာမှာ ရေစွန့်ထုတ်မှုက အဓိကကျနေခဲ့တာ ဖြစ်ပါတယ်။

ဒီ နျူးကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ ရေစွန့်ပစ်မှုကို ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၃ မိနစ်မှာ စတင်ခဲ့တာ ဖြစ်တယ်လို့ TEPCO စက်ရုံ လည်ပတ်ရေးကုမ္ပဏီက ပြောကြားပါတယ်။ ခန့်မှန်းခြေအားဖြင့် နှစ်ပေါင်း ၃၀ အထိ ကြာမြင့်နိုင်တဲ့ ရေစွန့်ထုတ်မှုအတွင်း မူမမှန်တာမျိုးတွေ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ ဆူနာမီကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံက အဆင့်ဆင့် သန့်စင်ထားပြီးသား ရေဒီယိုသတ္တိကြွရေတွေကို ပစိဖိတ်သမုဒ္ဒရာအတွင်းကို စတင်ထုတ်လွှတ်ခဲ့တာကြောင့် ဂျပန်နိုင်ငံက ပင်လယ်စာတင်သွင်းမှု အားလုံးကို တရုတ်နိုင်ငံက တားမြစ်ပိတ်ပင်လိုက်ပါတယ်။

ဒီတားမြစ်ချက်အပေါ် ချက်ချင်းရုပ်သိမ်းဖို့ သံတမန်လမ်းကြောင်းတွေကနေတဆင့် တရုတ်ကို တောင်းဆိုလိုက်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမိယို ကီရှီဒါက သြဂုတ် ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အကောက်ခွန်ဌာနဟာ ပိတ်ပင်ခံရတဲ့ ရေထွက်ပစ္စည်း အမျိုးအမည် အတိအကျနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ပြောကြားခြင်းမရှိပါဘူး။

ဂျပန်နိုင်ငံဟာ သန့်စင်ပြီးသား ဖူကူရှီးမား နျူးကလီးယားစွန့်ပစ်ရေ ထုတ်လွှတ်မှုရဲ့ အကျိုးသက်ရောက်မှုကို သိပ္ပံနည်းကျ ဆွေးနွေးမှုတွေမှာ ကျွမ်းကျင်သူတွေ ပါဝင်ဖို့ တရုတ်အစိုးရကို တိုက်တွန်းကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

ဂျပန်အစိုးရဟာ တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီက ရန်ပုံငွေနဲ့ လျော်ကြေးငွေတွေ အသုံးချတာ အပါအဝင် ဖြစ်နိုင်သမျှ အတိုင်းအတာအားလုံးကို တာဝန်ယူပေးသွားမှာဖြစ်ပြီး အဲဒါမှသာ အဆင့်မြင့် အရည်သန့်စင်ခြင်း ALPS နည်းလမ်းနဲ့ ရေဒီယိုသတ္တိကြွ ဓာတ်ပစ္စည်းတွေကို ဖယ်ရှားသန့်စင်ထားတဲ့ ရေတွေကို သမုဒ္ဒရာထဲ ထုတ်ချခဲ့တာကနေ ငါးဖမ်းလုပ်ငန်းတွေကို နာမည်မထိခိုက်စေမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ကီရှီဒါက ပြောဆိုပါတယ်။

ဒီဖြစ်ရပ်ကို တုံ့ပြန်ကြတဲ့အထဲမှာ တောင်ကိုရီးယားမှာရှိတဲ့ ဂျပန်သံရုံးဟာ ဒေသခံရဲတွေ လုံခြုံရေးကို တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြောင်းနဲ့ ဂျပန်အစိုးရဘက်ကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး သင့်လျော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောသွားပါတယ်။

ဂျပန်နိုင်ငံဟာ ၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံကို ရေထွက်ကုန် ဒေါ်လာ သန်း ၆၀၀ လောက် တင်ပို့ခဲ့ပြီး ဂျပန်ပို့ကုန်အတွက် အကြီးမားဆုံးဈေးကွက် ဖြစ်လာခဲ့ပါတယ်။

ဟောင်ကောင်က ဒုတိယလိုက်ပြီး တရုတ်နဲ့ ဟောင်ကောင်ကို ရောင်းချမှုဟာ ၂၀၂၂ ခုနှစ်မှာ ဂျပန်ရေထွက်ကုန် တင်ပို့မှုအားလုံးရဲ့ ၄၂ ရာခိုင်နှုန်းဖြစ်တယ်လို့ အစိုးရ အချက်အလက်တွေ အရ သိရပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013