DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ၁၆ နှစ်သားလူငယ် ၁ ဦးက ဖခင်၏ကားကိုခိုးယူပြီး တရားမဝင်မြန်မာ ၁၄ ဦးကို ခေါ်လာစဉ် အဖမ်းခံရ 
DVB
·
August 25, 2023
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့နယ်ထဲမှာ အသက် ၁၆ နှစ်ရွယ် ထိုင်း လူငယ်လေး တယောက်က  ဖခင်ရဲ့ကားကို ခိုးယူပြီး တရားမဝင်မြန်မာ ၁၄ ယောက်ကို သယ်ဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဩဂုတ် ၂၃ ရက် ညနေ ၅ နာရီ ၄၀ မိနစ်လောက်က တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေဟာ ဘန်ပအင်မြို့ ကော်ကစ်ရပ်ကွက်ရှိ အဝေးပြေးလမ်းမကြီးပေါ်မှာ စောင့်ကြပ်စစ်ဆေးစဉ် အလေးချိန်ပိုတင်ဆောင်လာတဲ့ မီးခိုးရောင် အီဇူးစူးဟိုင်းလပ်စ် ကားတစ်စီးကို မသင်္ကာလို့ လော်စပီကာနဲ့ ရပ်မိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကားက ရပ်မပေးဘဲ အရှိန်မြှင့်မောင်းပြေးလို့ အနောက်ကလိုက်ခဲ့ကြောင်း၊ တနေရာအရောက် ဘေးချင်းယှဉ်မိကာမှ အဆိုပါကားက ရပ်ပေးလိုက်ကာ ကားမောင်းသူနေရာက ဆင်းလာသူမှာ ဆယ်ကျော်သက်လူငယ်လေး တဦးတာတွေ့ရပြီး ၇ ဦးသာ ဝင်ဆံ့တဲ့ကားထဲမှာလည်း ကျား၊ မ လူပေါင်း ၁၄ ဦးပြွတ်သိပ် လိုက်ပါလာတယ်လို့ ဆိုပါတယ် ။ 

အဆိုပါ ၁၄ ဦးမှာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ အထောက်အထား တစုံတရာမရှိဘူးလို့ ဆိုပါတယ်။ 

လူငယ်ရဲ့ ဖွင့်ဟဝန်ခံချက်အရ သူ့အမည် နိုင်းအေ အသက် ၁၆ နှစ်ဖြစ်ပြီး တာ့ခ်ခရိုင်က ဖြစ်ကြောင်း၊  ဒီမတိုင်ခင်ရှေ့က လူတစ်ဦးက သူ့ကိုဖုန်းနဲ့ဆက်သွယ်လာပြီး နခွန်းဆဝမ်က လူ ၁၄ ဦးကို သွားကြိုပေးရင် ဘတ် ၁၅၀၀၀ ပေးမယ်ဆိုလို့  အဖေမသိအောင် ကားကိုခိုးယူလာပြီး တင်လာတာလို့ ပြောပါတယ်။

ဖုန်းထဲကလူက သူ့ကို GPS နဲ့ လာကြိုရမယ့်နေရာ ပြပေးပြီး ဘယ်နေရာထိ ပို့ပေးရမယ်ဆိုတာတော့ မပြောဘဲ GPS အတိုင်း မောင်းလာဖို့ပြောကြောင်း၊ သူကလည်း ငွေလိုချင်တာနဲ့ လုပ်ခဲ့ကြောင်း ဥပဒေကျူးလွန်မှုဆိုတာလည်း မသိခဲ့ကြောင်း၊ အရင်က တခါမှမလုပ်ဖူးဘူး ဒါဟာ ပထမဆုံးအကြိမ်ပဲလို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာတွေကို စကားပြန်နဲ့ စစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ မြန်မာပြည်ကနေ ထိုင်းမှာအလုပ်လာလုပ်ဖို့  သောင်ရင်းမြစ်ကို လှေနဲ့ကူးပြီး ရောက်လာကြောင်း ၊ ပွဲစားက သူတို့ကို ကားနဲ့လာကြိုပြီး ဒီကားပေါ် တဆင့်ပြောင်းစီးရတယ် ၊ ပွဲစားခ တစ်ဦးလျှင် ဘတ် ၃၀၀၀၀ စီ ပေးရတယ်လို့ ပြောပါတယ်။

အဆိုပါယာဉ်မောင်းသူလူငယ်ကို တရားမဝင်သူတွေကို နိုင်ငံတွင်း သယ်ဆောင်လာမှု၊  ယာဉ်မောင်းလိုင်စင်မရှိသေးဘဲ ယာဉ်မောင်းမှု၊  သတ်မှတ်အလေးချိန်ထက်ပိုမိုတင်ဆောင်မှုတွေနဲ့  အမှုဖွင့်ထားသလို တရားမဝင်မြန်မာ ၁၄ ဦးကိုလည်း လဝကဥပဒေနဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Ref: Khaosod

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013