
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA)က ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကျောက်ဆည် PDF ရဲဘော် ၂ ယောက်ဟာ ဆေးဝါးကုသခွင့် အရေးပေါ် လိုအပ်နေတယ်လို့ PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ PDF ရဲဘော် ၂ ယောက်ကတော့ ထွန်းဇင်အောင် (ခ) ဝက်ကြီးနဲ့ ချစ်ဝိုင်းတို့ဖြစ်ပြီး လက်ရှိ ကျန်းမာရေးချို့ယွင်းနေကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေလို့ ဆေးဝါးကုသခွင့်လိုအပ်နေတယ်လို့ PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
PDF တာဝန်ရှိသူတယောက်က “နမ္မတူမှာ TNLA ဘက်ကနေ ကျောက်ဆည်ခရိုင်က PDF ၂ ယောက်ကို ချုပ်နှောင်ထားတယ်ပေါ့နော်။ အခု ရဲဘော် ၂ ယောက်လုံးက ကျန်းမာရေးတော်တော် ဆိုးဝါးနေတယ်။ အရေးပေါ်ဆေးကုသဖို့ လိုနေတယ် ” လို့ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကျောက်ဆည်ခရိုင်၊ အမှတ် ၂ တပ်ရင်းက ရဲဘော် ၂ ယောက်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက်က သက်ဆိုင်ရာဌာနတွေက ထောက်ခံချက်၊ ခွင့်ပြုချက်ယူပြီး တပ်ရင်းတာဝန်နဲ့ ခရီးသွားစဉ် လားရှိုး- နမ္မတူ လမ်းပိုင်းက TNLA စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
သူတို့နဲ့အတူ တပ်ရင်းပိုင်ပစ္စည်းတွေကို PSLF/TNLA သိမ်းယူခဲ့ပြီး ရဲဘော် ၂ ယောက်ကို လက်နက်မှုအပြင် မူးယစ်ဆေးဝါးမှုနဲ့ပါ ပုဒ်မ တပ်ခဲ့တယ်လို့ ဆိုပါတယ်။
PDF တာဝန်ရှိသူက “အခုဖမ်းခံရတဲ့ ရဲဘော် ၂ ယောက်မှာ NUG၊ MOD ရုံးက ထောက်ခံစာ တွေရော၊ ဦးရည်မွန် လက်မှတ်နဲ့တွေရော၊ ပြီးတော့ စစ်ထောက်ချုပ်၊ စစ်ဦးချုပ်ရုံးက ခွင့်ပြုတဲ့စာ တွေပါတယ်။ အဲဒါကို တအာင်းဒေသအတွင်းမှာ လက်နက်မှောင်ခိုလုပ်တယ်ဆိုပြီး ဖမ်းတာ။ ကြားထဲမှာ နမ္မတူစခန်းမှူး ညီချောခေါ် မိုးကြိုးက ရဲဘော် ၂ ယောက်ကို ညှိတယ်။ ဖမ်းတဲ့အချိန်ပါတဲ့ ကျပ်သိန်း ၁၀၀ ကျော်နဲ့ စတားလင့်လည်း ပြန် မရဘူးပေါ့။ လက်နက်ခဲယမ်းနဲ့ ကားလည်း ပြန်မရဘူးပေါ့။ မင်းတို့ ငါ့ကို သိန်း ၅၀ ထပ်ပြီးပေးရင်း လူကို လွှတ်ပေးလိုက်မယ်လို့ ပြောတယ်။ မူးယစ်ဆေးလို့ ဆိုတာလည်း ဖမ်းတဲ့ချိန်က မပါဘူး။ ဆေသုံး၊ မသုံး လူကို ဆေးစစ်တာလည်း မရှိဘူး။ အဲဒါကို မူးယစ်မှုနဲ့လည်း တပ်ထားတယ်” လို့ ပြောပါတယ်။
PSLF တရားရေးဘက်ကတော့ အဆိုပါ ရဲဘော် ၂ ယောက်ကို ဖမ်းဆီးစဉ်က သိမ်းဆည်းရမိတဲ့ ကား၊ ငွေကြေး၊ ဖုန်းနဲ့ လက်နက်ခဲယမ်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး လက်နက်ခဲယမ်းဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ်စီ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ်စီ ကျခံဖို့ မန်တုံခရိုင်တရားသူကြီးက ၂၀၂၆ ခုနှစ်၊ မေ ၁ ရက်မှာ အမိန့်ချမှတ်ထား ပါတယ်။
အခုလို အမိန့်ချမှတ်တာဟာ မြေပြင်ဖြစ်ရပ်မှန်နဲ့ ကွဲလွဲနေပြီး တရားမျှတမှုလည်း မရှိတာကြောင့် PSLF ရဲ့တရားရုံးချုပ်ကို အကြောင်းကြားစာတင်ပြသွားမယ်လို့ PDF တာဝန်ရှိသူတွေက ဆိုပါတယ်။
နမ္မတူမြို့ကို PSLF/ TNLA တအာင်းတပ်နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ သိမ်းယူခဲ့ပြီး လက်ရှိမှာ မြို့ကို PSLF/TNLA ထိန်းချုပ်ထားပါတယ်။










