DVB Logo
Home
မြန်မာသတင်း
ပြန်ပို့ခံရသည့် မြန်မာကလေးငယ် ၁၂၆ ဦး တရားဝင်ပြန်လာပါက ပညာသင်ခွင့်ပြုမည်ဟု ထိုင်းဒုရဲချုပ်ပြော 
DVB
·
August 25, 2023
ပြန်ပို့ခံရသည့် မြန်မာကလေးငယ် ၁၂၆ ဦး တရားဝင်ပြန်လာပါက ပညာသင်ခွင့်ပြုမည်ဟု ထိုင်းဒုရဲချုပ်ပြော 
Donate to DVB

ထိုင်းနိုင်ငံတွင်း စာသင်ကျောင်းတစ်ကျောင်းမှာ အထောက်အထားမရှိလို့ ဖမ်းဆီးခံရပြီး မြန်မာနယ်စပ်ဘက် ပြန်ပို့ခံခဲ့ရတဲ့ နိုင်ငံမဲ့ ကလေးငယ် ၁၂၆ ယောက်ကို တရားဝင်လမ်းကြောင်း ကနေပြန်လာရင် ပညာသင်ခွင့်ပြုမယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းက ပြောကြားလိုက်ပါတယ်။ 

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အန်ထောင်းမြို့နယ်ရှိ ထိုင်းရတ်ဝိထယားအမှတ် ၆ ကျောင်းမှာ ပြီးခဲ့တဲဇူလိုင်လက  အထောက်အထားမရှိတဲ့ နိုင်ငံမဲ့ကလေး ၁၂၆ ဦးကို ခရိုင်လဝကရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနယ်စပ်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ပညာရေးမူဝါဒအရ လူတိုင်းပညာသင်ကြားခွင့် အခွင့်အရေးရှိပြီး ကလေးတွေကို အခုလို ဖမ်းပြီးပြန်ပို့တာဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေး ချိုးဖောက်ရာရောက်တယ်လို့ ထိုင်းရှေ့နေများအဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းဟာ ပြီးခဲ့တဲ့အပတ်က နယ်မြေထဲကို ကွင်းဆင်းစစ်ဆေးပြီး ကလေးတွေအနေနဲ့ တရားဝင်လမ်းကြောင်းကနေ ပြန်ဝင်ရင် နယ်စပ်ကကျောင်းတွေမှာ ပညာသင်ကြားခွင့်ပြုမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

“ကလေးတွေရဲ့ အနာဂတ်တိုးတက်ကောင်းမွန်စေဖို့ တရားဝင်လမ်းကြောင်းနဲ့ ဝင်လာပြီးရင် နယ်စပ်စာသင်ကျောင်းတွေမှာ ပညာသင်ကြားခွင့်ပြုမယ်။ မိဘအုပ်ထိန်းသူတွေ သဘောတူမလားပေါ့။ သဘောတူရင် တရားဝင်လမ်းကြောင်းကနေ ပြန်ဝင်ဖို့ ဆောင်ရွက်ပေးမယ်။ နောက် မိဘအုပ်ထိန်းသူ ဘယ်သူဆိုတာမသိတဲ့ ကလေးတွေကျတော့ ဘယ်သူမှန်းမသိတဲ့သူတွေနဲ့ သွားနေဖို့လွှတ်ပေးလို့ မရဘူး။ ဒါကြောင့် အဲဒီကလေးတွေကို ဘယ်အဖွဲ့က တာဝန်ယူထိန်းသိမ်း စောင့်ရှောက်မလဲ ဆိုတာတော့ ချင်းရိုင်းခရိုင်ဝန်ရဲ့ အဆုံးအဖြတ်ပေါ်မူတည်တယ်။”

ကလေးတွေရဲ့ ပြဿနာကို လိုက်လံဆောင်ရွက်ပေးနေတဲ့  Mirror legal clinic ဖောင်ဒေးရှင်း ကလည်း ခုလို အခွင့်အလမ်းဖွင့်ပေးတဲ့ ဒုရဲချုပ်ကို ကျေးဇူးတင်ရှိကြောင်း  သူတို့လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။

အဆိုပါကလေးတွေဟာ မြန်မာပြည် တောင်ပေါ်ဒေသက အခါတိုင်းရင်းသားကလေးတွေဖြစ် ကြောင်း၊ သူတို့ကို ထိုင်းမှာဘဲ ပညာသင်ကြားစေချင်ပြီး ဟိုမှာပြန်ရောက်သွားရင် စာမသင်ရဘဲ အကုန် လယ်ယာခြံမြေအလုပ်ဘဲ ပြန်လုပ်ရမယ်လို့ ဖောင်ဒေးရှင်းက ဆိုပါတယ်။ 

အဲဒီထဲမှာ တချို့ကလေးတွေက ထိုင်းမှာမွေးပြီး နိုင်ငံမဲ့မှတ်ပုံတင် ရှိတယ်၊ သူတို့က တရားမဝင် ဝင်ရောက်တဲ့ဥပဒေနဲ့ မငြိစွန်းဘူး၊ နောက်တဖွဲ့က ပန်းရောင်မြန်မာမှတ်ပုံတင်ကတ် ရှိတယ်၊ ဒါပေမဲ့ သူတို့က ပတ်စပို့ကို ရန်ကုန်ထိ သွားလုပ်ရမယ်၊ သူတို့နေရာနဲ့ အဝေးကြီး၊ ကုန်ကျစရိတ်လည်း များတယ်၊ မိဘတွေ မတတ်နိုင်ဘူး၊ အဲဒီတော့ နယ်စပ်ကနေ ဘော်ဒါပတ်စ် (နယ်စပ်ဖြတ်လက်မှတ်)နဲ့ ဝင်ရောက်ပြီး ၃ - ၄ လ တကြိမ် သက်တမ်းတိုးလို့ရမယ့် ဗီဇာမျိုး ထုတ်ပေးသင့်တယ်လို့ ဖောင်ဒေးရှင်းက အကြံပြုထားပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ကလေးတွေကို လက်ခံပညာသင်ပေးခဲ့တဲ့ ထိုင်းရတ်ဝိထယားအမှတ် ၆ ကျောင်းအုပ်ဆရာမကြီးနဲ့တကွ ဆရာမ ၃ ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး စုစုပေါင်း ၅ ဦးဟာ တရားမဝင်သူတွေ ခေါ်ဆောင်လာမှု၊ ခိုလှုံစရာနေရာပေးမှု၊ အဖမ်းဆီးမခံရအောင် အကာအကွယ် ပေးထားမှုတွေနဲ့ တရားစွဲခံထားရပါတယ်။ 

ကိုးကား - ချနယ်လ် ၃ တီဗွီသတင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013