DVB Logo
Home
မြန်မာသတင်း
မန္တလေး အိုးဘုတ်ပွဲတော်တွင် လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ
DVB
·
August 25, 2023
မန္တလေး အိုးဘုတ်ပွဲတော်တွင် လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ
Donate to DVB

မန္တလေးမြို့မှာ ဝါခေါင်လဆန်း ၈ ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ အိုးဘုတ်ပွဲတော်မှာ အခုနှစ် လောင်းကစားဝိုင်းတွေ ထည့်သွင်းကျင်းပခဲ့တယ်လို့  မြို့ခံတွေထံက သိရပါတယ်။

အိုးဘုတ်ခိုးပွဲ ခေါ် ကလေးကစားစရာ အိုးဘုတ်လေးတွေနဲ့ မြန်မာမုန့်မျိုးစုံ ရောင်းချတဲ့ ဒီပွဲတော်ကို ဩဂုတ် ၂၄ ရက်က စတင်ကျင်းပရာမှာ မြွေ၊ ဝက်၊ စတဲ့ ပုံသဏ္ဌာန်နဲ့ လောင်းကစားဝိုင်းတွေ ထည့်သွင်းကျင်းပခွင့် ပြုခဲ့တာကို တွေ့ခဲ့ရတယ်လို့ မြို့ခံတဦးက ဆိုပါတယ်။

မန္တလေးမြို့ခံတဦးက “လောင်းကစားဝိုင်းတွေ အရင်တုန်းက ဒီလိုအိုးဘုတ်ပွဲမှာဆိုရင် မရှိဘူး။ နောက် ဘုရားပွဲတွေမှာဆိုရင်လည်း တခါတလေ အပျော်တမ်း မြားပေါက်တာတို့ ဘောလုံး ပေါက်တာတို့ အဲ့လောက်ပဲ ရှိခဲ့ကြတာကိုး။ မန္တလေးရဲ့ထုံးစံက လောင်းကစားလည်း မဟုတ်ဘူး၊ အပျော်ပေါ့လေ၊ အဲ့ဒါမျိုးလေးတွေကတော့ ဟိုးအရင်ကလည်းရှိတယ်။ ဒီလိုမျိုး ပေါ်ပေါ်ထင်ထင် လောင်းကစားပုံစံမျိုးကြီး ဖြစ်လာတာကတော့ ဒီနောက်ပိုင်းမှ ဖြစ်လာတာပဲ” လို့ ပြောပါတယ်။

အရင် အိုးဘုတ်ပွဲတော်မှာ လောင်းကစားဝိုင်းတွေ ထည့်သွင်းကျင်းပတာ လုံးဝမရှိခဲ့ဘဲ အခုနှစ်မှ တရားဝင်ခွင့်ပြု လုပ်‌နေတာ တွေ့ခဲ့ရပြီး ပွဲတော်ကို အရပ်ဝတ် လက်နက်ကိုင် ရဲနဲ့ စစ်သားတချို့ လုံခြုံရေးယူပေးခဲ့တယ်လို့လည်း မျက်မြင်တွေ့ခဲ့သူတဦးက ဆိုပါတယ်။

မန္တလေးမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဘုရားပွဲတွေမှာသာမက ရပ်ကွက်တွေထဲမှာလည်း လောင်းကစားဝိုင်းတွေ ပိုများလာတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ 

မန္တလေးမြို့ခံတဦးက “ရပ်ကွက်တွေထဲက နေရာထိုင်ခင်းတချို့တွေမှာဆိုရင် တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး၊ လောင်းကစားဝိုင်းတွေ၊ ဖဲဝိုင်းတွေ၊ အဲ့လိုဟာတွေက များလာတာကိုး၊ ပေါ်ပေါ်ထင်ထင်ကြီးတွေ ဖြစ်လာတာ။ မြို့လယ်ကောင် ဟိုတယ်ကြီးတွေပေါ်မှာတောင်မှ ဒီလောင်းကစားဝိုင်းကြီးတွေ အကြီးအကျယ် လုပ်နေကြတာ။ ဆယ်ခုထက်မနည်း ရှိနေတာ။ အခုဟာက လောင်းကစားက ပိုက်ဆံအပေါများဆုံး ရနေတဲ့ဟာဆိုတော့ အောက်ခြေက ကောင်ကလည်း အောက်ခြေအတိုင်း သူတို့ လုံခြုံရေးယူထားတဲ့နေရာမှာ လုပ်ပေါ့။ အပေါ်ပိုင်းကလည်း အပေါ် ပိုင်းအလျောက်ပေါ့” လို့ ပြောပါတယ်။

လောင်းကစားဝိုင်းတွေ များလာလို့ ရပ်ကွက်ထဲ ခိုးဆိုးလုနှိုက်တွေ ပေါများလာသလို စားဝတ်နေရေး ပိုမိုကျပ်တည်းလာတာာ၊ လူသတ် လုယက်တဲ့အထိ ပြစ်မှုတွေ ကျူးလွန်လာတာတွေ ရှိနေတယ်လို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013