
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ ရာဇဝတ်မှုပေါင်း တဒါဇင်ကျော်နဲ့ တရားစွဲဆိုခံထားရတဲ့ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်ဟာ အတ္တလန္တာ အကျဉ်းထောင်မှာ သြဂုတ် ၂၄ ရက် ညနေပိုင်းက မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခံခဲ့ရတယ်။
ဒါဟာ ၂၀၂၀ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲ အရှုံးရလဒ်ကို ထရမ့်ပ်အနေနဲ့ ပြောင်းပြန်လှန်နိုင်ဖို့ ကြိုးပမ်းခဲ့ရာကနေ အစပြုလာခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။
ဖူလ်တန်ကောင်တီရဲ့ အကျဉ်းထောင်မှတ်တမ်းအရ ထရမ့်ပ်ဟာ အကျဉ်းသားနံပါတ်နဲ့အတူ ပြုံးရွှင်နေပုံမရဘဲ ဓာတ်ပုံရိုက်ခံထားတာကို တွေ့ရပါတယ်။
ဒီအကျဉ်းထောင်မှာ ထရမ့်ပ်အနေနဲ့ မိနစ် ၂၀ နီးပါးသာ ကြာမြင့်ခဲ့ပြီးနောက် အာမခံရထားတဲ့အတွက် သူ့ရဲ့ နယူးဂျာစီဂေါက်ဖ်ကလပ်ကို ထွက်ခွာသွားပါတယ်။
အတ္တလန္တာမြို့ရဲ့ လေဆိပ်ကနေ ကိုယ်ပိုင်လေယာဉ်နဲ့ မထွက်ခွာခင်မှာ တခြားသူတွေနဲ့အတူ တရားစွဲဆိုခံထားရမှုဟာ နိုင်ငံရေးအရ လုပ်ဆောင်မှုသာဖြစ်တယ်လို့ ထရမ့်ပ်အနေနဲ့ နောက်တကြိမ် မှတ်ချက်ပေးပါတယ်။
လာမယ့်နှစ်ရဲ့ သမ္မတရာထူးအတွက် မဲဆွယ်စည်းရုံးနေစဉ်မှာပဲ အမေရိကန်သမ္မတဟောင်းက ရာဇဝတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ဒါဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးသော မကြုံစဘူး ဖြစ်ရပ်တခုပါ။
ဒါ့အပြင် ထရမ့်ပ်အပေါ် စွဲဆိုထားတဲ့ အမှု ၄ မှုဟာ ရီပတ်ဘလီကန်ပါတီတွင်း သူ့ရဲ့ သမ္မတလောင်းနေရာကို ထိခိုက်စေမှာ မဟုတ်တဲ့အပြင် သူ့ရဲ့ရပ်တည်ချက်ကိုပါ အားပေးရာ ရောက်တယ်လို့ ဆိုပါတယ်။
လာမယ့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင် အပေါ် စိန်ခေါ်နိုင်မယ့် ရီပတ်ဘလီကန်ပါတီတွင်း ယှဉ်ပြိုင်မှုမှာလည်း ထရမ့်ပ်က ဦးဆောင်ထားနိုင်ပါတယ်။
ဂျော်ဂျီယာပြည်နယ်ဆိုင်ရာ အမှုထဲမှာတော့ ထရမ့်ပ်က တရားမဝင်လုပ်ငန်းနဲ့ ရပ်တည်မှု အပါအဝင် စွဲချက်ပေါင်း ၁၃ ခုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Source - Reuters










