Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာလုပ်သား ၁ ဦး ၅ နှစ်ရွယ်ကလေးနှင့်အတူ ငါးဖမ်းထွက်စဉ် လှေပေါ်မှ ပြုတ်ကျသေဆုံး 
DVB
·
August 25, 2023

ထိုင်းနိုင်ငံ၊ ကန်ကျနပူရီခရိုင်ထဲမှာ အရက်မူးနေတဲ့ မြန်မာအလုပ်သမားတယောက်က  ၅ နှစ်သားလေးနဲ့အတူ  လှေထိုးပြီး ငါးဖမ်းထွက်ရာမှာ လှေပေါ်ကပြုတ်ကျသေဆုံးသွားခဲ့ပြီး ကလေးငယ်ကတော့ အသက်ရှင်တယ်လို့  77kaoded ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဩဂုတ် ၂၀ ရက်ညက ကန်ကျနပူရီခရိုင် ထောင်းဖာဖူးမြို့နယ် ပိလောက်အုပ်စု ပိုအောင်ရွာမှာ ရွာသားတယောက် ငါးဖမ်းရှာထွက်ရင်း လှေပေါ်က ပြုတ်ကျသေဆုံးသွားကြောင်း သတင်းပေး ပို့ချက်ရတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့  ပိလောက် နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။ 

အဆိုပါနေရာမှာ ရဲစခန်းနဲ့ ရေလမ်းခရီး ၃၀ ကီလိုမီတာခန့်အကွာမှာရှိပြီး ၅၀ မိနစ်ကြာ  လှေစီးပြီးမှ ရောက်ရှိသွားကြောင်း၊ သူတို့ရောက်သွားတဲ့အချိန်မှာတော့ ရွာသားတွေက သေဆုံးသူအလောင်းကို ရှာဖွေတွေ့ရှိသွားပြီဖြစ်လို့  ကူးတို့ဆိပ်က သူ့ရဲ့လှေဘေးမှာ လာချ ထားပြီလို့ ဆိုပါတယ်။ 

သေဆုံးသူမှာ အသက် ၄၇ နှစ်ရွယ် မြန်မာလုပ်သား တယောက်ဖြစ်ပြီး သူတို့မိသားစုဟာ ရာဘာအစေးခြစ်လုပ်ငန်းနဲ့ ငါးဖမ်းအလုပ်ကို လုပ်ကိုင်ကြောင်း၊ ပြီးခဲ့တဲ့ ၂၀ ရက်နေ့ညက ဖခင်ဖြစ်သူဟာ အရက်သောက်ပြီးတဲ့နောက် ၅ နှစ်အရွယ်ညီလေးကိုခေါ်ကာ ငါးဖမ်းထွက်ဖို့ ကူးတို့ဆိပ်ကို ထွက်သွားတယ်လို့ သားကြီးဖြစ်သူက ပြောပါတယ်။

ခဏအကြာ ညီလေးက အိမ်ကိုပြန်ပြေးလာပြီး အဖေရေထဲပြုတ်ကျသွားပြီလို့ ပြောကြောင်း ၊ မိသားစုဝင်တွေ သွားကြည့်ရာမှာ ကူးတို့ဆိပ်မှာ လှေသာရှိပြီး လူကိုမတွေ့ရဘဲ ရေနစ်နစ်မျောသွားတယ်လို့ ဆိုပါတယ်။ 

ရွာသားတွေက တာဝန်ရှိသူတွေကို အကြောင်းကြားပြီး လိုက်လံရှာဖွေရာမှာ အလောင်းအဖြစ်နဲ့ ပြန်တွေ့ကြောင်း၊ ရွာသားတွေက သူ့အလောင်းကို ကူးတို့ဆိပ်နားပြန်သယ်လာတဲ့နောက် တာဝန်ရှိသူတွေလည်း ရောက်လာတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူ့အလောင်းကို ခွဲစိပ်စစ်ဆေးဖို့ ထောင်းဖာဖူးဆေးရုံကို ပို့ဆောင်လိုက်ပြီး အဲဒီနောက် ဓလေ့ထုံးစံအတိုင်းအသုဘချဖို့ မိသားစုကို ပြန်အပ်ခဲ့တယ်လို့ ထိုင်းသတင်းမှာဖော်ပြ သွားပါတယ်။

Ref: 77kaoded 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024