DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂအေဂျင်စီများ စစ်ကောင်စီကို တရားဝင်အောင်လုပ်နေဟု ဝေဖန် 
DVB
·
August 25, 2023
ကုလသမဂ္ဂအေဂျင်စီများ စစ်ကောင်စီကို တရားဝင်အောင်လုပ်နေဟု ဝေဖန် 
Donate to DVB

UNOCHA တာဝန်ရှိသူတွေ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံတာဟာ အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြု တရားဝင်အောင်လုပ်နေတာဖြစ်တယ်လို့ မြေပြင်ကအရပ်ဖက်ကူညီပေးရေးအဖွဲ့တွေက ဝေဖန်လိုက်ပြီး  ကုလသမဂ္ဂ အေဂျင်စီတွေဟာ နိုင်ငံတကာမှာ မျက်နှာပန်းလှရုံအလုပ် လုပ်နေတာဖြစ်တယ်လို့လည်း  ဝေဖန်ပါတယ်။ 

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်း ရေးမှူးချုပ်၊ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးမစ္စတာ မာတင်ဂရစ်ဖ်ဟာ ဩဂုတ် ၁၄ရက်နေ့ကနေ ၁၇ ရက်နေ့အထိ နေပြည် တော်ကိုသွားရောက်ပြီး စစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီဝန်ကြီးတချို့နဲ့တွေ့ဆုံခဲ့တာပါ။

UNOCHA တာဝန်ရှိသူဟာ ဩဂုတ် ၂၁ရက်နေ့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၊ NUG လူသားစာနာဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နဲ့လည်း အွန်လိုင်းကနေတဆင့်တွေ့ဆုံခဲ့ပါတယ်။

NUG ခေါင်းဆောင်တွေနဲ့တွေ့ဆုံရာမှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးချက်တချို့ကို UNOCHA တာဝန်ရှိသူက ရှင်းလင်းပြောဆိုခဲ့ပြီး ပြည်သူတွေကို အထောက်အပံ့ပေးနိုင်ရေး လမ်းကြောင်း တခုရဖို့ ရည်ရွယ်ချက်နဲ့သွားခဲ့တယ်လို့ ဆိုပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "ထိထိရောက်ရောက်အကူအညီပေးနိုင်ဖို့ လမ်းကြောင်းတစ်ခုရဖို့အတွက်သွားတယ်လို့သိရှိရပါတယ်။ အဲ့ဒီအတွက်လည်း ကျနော်တို့ အသိအမှတ်ပြုတယ်။ မြန်မာနိုင်ငံလူဦးရေ ၃ပုံ ၁ ပုံလောက်ရှိတဲ့ လူဦးရေ ၁၈ သန်းလောက်ဟာ လူသားချင်းစာနာထောက်ထားမှုအထောက်အကူတွေလိုအပ်နေတယ်။ ၂ သန်းနီးပါးလောက်က စစ်ရှောင်ဒုက္ခသည်တွေ ဖြစ်သွားရတယ်။ ပြည်သူလူထုကို ဓားစာခံအနေနဲ့သုံးတယ်။ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လက်နက်သဖွယ်အသုံးချနေတာ စစ်ကောင်စီဖြစ်တယ်။ စစ်ကောင်စီနဲ့လုပ်ကိုင်ခြင်းအားဖြင့် ပြည်သူလူထုကို ဘာမှ အကူအညီပေးနိုင်မှာမဟုတ်ဘူး။ တခြားလမ်းကြောင်းတွေနဲ့ ဒုက္ခရောက်နေတဲ့လူတွေကို အကူအညီပေးဖို့အတွက် ကျနော်တို့ NUG အစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေ၊ မြေပြင်မှာရှိတဲ့ လူသားချင်းစာနာမှုအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ပေးခြင်းအားဖြင့် ဒုက္ခရောက်နေတဲ့လူတွေကို ထိထိရောက်ရောက်ကူညီပေးနိုင်မယ်ဆိုတာပြောချင်ပါတယ်။ စစ်ကောင်စီနဲ့ လုပ်ခြင်းအားဖြင့် သူတို့ကဟန်ပြလေးလုပ်ပြီးတော့ အမြတ်ထုတ်ဖို့ လုပ်သွားမယ်ဆိုတာ ကျနော်ပြောချင်ပါတယ်”လို့ ပြောပါတယ်။

UNOCHA တာဝန်ရှိသူရဲ့ မြန်မာပြည် ခရီးစဉ်အပေါ် မြန်မာအရပ်ဖက်အဖွဲ့  ၅၀၀ ကျော်ကလည်း ကြေညာချက်ထုတ် ဝေဖန်ခဲ့ပြီး မြေပြင်မှာတကယ်အလုပ်လုပ်နေတဲ့သူတွေနဲ့သာ ချိတ်ဆက်ဆောင်ရွက်ဖို့  တိုက်တွန်းကြပါတယ်။

UNOCHA တာဝန်ရှိသူရဲ့ခရီးစဉ်ဟာ အကူအညီလိုအပ်တဲ့ပြည်သူတွေအတွက် မြင်သာတဲ့ အကျိုးတွေမရှိခဲ့ဘဲ စစ်ကောင်စီက သူတို့ကိုအသိအမှတ်ပြုပြီးလာရောက်တွေ့ဆုံတာကို ဝါဒဖြန်ဖို့အတွက် အထောက်အပံ့သာဖြစ်စေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ KNHRGမှ ကိုဗညာားက "UN အေဂျင်စီတွေ သူတို့အခုသွားတဲ့ပုံစံက တကယ်စစ်ဘေးရှောင်တွေ တကယ်အတိဒုက္ခရောက်တဲ့သူတွေကို ကူညီချင်တာလား သို့တည်းမဟုတ် စစ်ကောင်စီကိုများ တရားဝင်ဖြစ်အောင်လုပ်နေသလားဆိုတဲ့ ဒွိဟဖြစ်မှုတွေ အများကြီးတွေ့ရတယ်။ မလုပ်နိုင်ဘူးဆိုထွက်သွား၊ ကျနော်တို့က လုပ်နိုင်မယ့်နည်းလမ်းကို အသစ်ရှာရတာပိုလွယ်တယ်။ အခုဟာက လုပ်သလိုလို ကူသလိုလိုနဲ့ တကယ်လက်တွေ့ လည်းမကူဘူး။ လက်တွေ့အများကြီးပေးသလားဆို အများကြီးလည်းမပေးနိုင်ဘူး။ နိုင်ငံတကာမှာတော့ သူတို့ ရနေပေးနေတဲ့ ပုံရိပ်တွေထွက်ထွက်နေတယ်။ နောက်ဆုံး UN OCHA ရဲ့ အသုံးစရိတ်ကိုကြည့်လိုက် ရန်ကုန်နဲ့ ရခိုင်လောက်ကိုပဲအများဆုံးပေးနေတာ။ တကယ့် စစ်ပွဲတွေကြားမှာ ပြေးလွှားနေတဲ့သူတွေအတွက် UN ရဲ့ထောက်ပံ့မှုရာခိုင်နှုန်းက ၁၊ ၂ လောက်ပဲရှိတယ်။ အဲ့ဟာက တကယ်စိတ်ပျက်ဖို့ကောင်းတာပေါ့နော်။ မျက်နှာလှအောငင် လုပ်နေတယ်ပဲ” လို့ ပြောပါတယ်။

မြေပြင်က စစ်ဘေးသင့်ပြည်သူတွေအရေးဟာ NUG နဲ့ စစ်ကောင်စီတို့ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်စာမျက်နှာတွေမှာ အသာစီးရရေးအားပြိုင်မှု ရလဒ်အပေါ်တည်မှီနေတာပါ။

အဆုံးအဖြတ်မပေါ်ခင်မှာ ပြည်သူတွေအကူအညီတွေရဖို့ အရပ်ဖက်အဖွဲ့တွေကို ချိတ်ဆက်မှသာ ထိရောက်မယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ဝင်တစ်ယောက်က သုံးသပ်ပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက "တော်လှန်ရေးဘက်သားတွေကလည်း ကုလအပါအဝင် နိုင်ငံတကာအကူအညီတွေရလာတဲ့အခါမှာ ပြည်သူလူထုဆီရောက်ရှိအောင် ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပါတယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေ ထင်ထင်ရှားရှားပြဖို့လိုမယ်ပေါ့ဗျာ။ ဒါတွေလုပ်ဆောင်နိုင်ဖို့လိုမယ်ပေါ့။ ဒါဆိုရင်တော့ နိုင်ငံတကာအကူအညီတွေ ကျနော်တို့ဆီကို တိုက်ရိုက်စီးဆင်းလာနိုင်တယ်ပေါ့။ မြန်မာပြည်ဖြစ်နေတဲ့ကိစ္စသည် လက်နက်ကိုင်ပဋိပက္ခလို့ အဓိပ္ပါယ်ဖွင့်နေတဲ့ အုပ်စုတွေရှိတာပေါ့။ ဖြစ်နိုင်ရင် လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုတာက လက်နက်ကိုင်ကိစ္စတွေနဲ့ မပတ်သက်တဲ့အဖွဲ့အစည်းတွေ စုစည်းထားတဲ့ အစုအဖွဲ့တွေကို နိုင်ငံတကာကပိုပြီးချိတ်ဆက်လိမ့်မယ်လို့ ကျနော်ကတော့ နားလည်တယ်ပေါ့” လို့ ပြောပါတယ်။

UNOCHA တာဝန်ရှိသူကတော့ ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းအလွန် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနိုင်ဖို့ ရည်ရွယ်ချက်အပါအဝင် မြန်မာစစ်ဘေးသင့်ပြည်သူတွေအရေးကို ချဉ်းကပ်နိုင်ဖို့ကြိုးစားခဲ့တာပါ။

အရပ်ဖက်အဖွဲ့တွေကတော့ မြေပြင်က တိုင်းရင်းသားလူ့အခွင့်အရေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး နယ်စပ်စည်းကနေတဆင့် အကူအညီတွေပေးနိုင်မှ တကယ်လိုအပ်တဲ့သူတွေဆီကို အကူအညီရောက်နိုင်မယ်လို့ ပြောကြပါတယ်။ 

သုတချမ်းသာ

Photo- CINCDS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013