DVB Logo
Home
မြန်မာသတင်း
ပန်းဂေါ်ဖီအဝယ်မရှိသဖြင့် တောင်သူနှင့် ကုန်သည်များ အရှုံးပေါ်
DVB
·
August 24, 2023
ပန်းဂေါ်ဖီအဝယ်မရှိသဖြင့် တောင်သူနှင့် ကုန်သည်များ အရှုံးပေါ်
Donate to DVB

လမ်းပန်းဆက်သွယ်ရေး မကောင်းတာ၊ တိုက်ပွဲတွေနဲ့ မိုးရာသီဖြစ်တာကြောင့် ပန်းဂေါ်ဖီ (ပန်းမုန်လာ) စျေးစံချိန်တင်ကျဆင်းသလို အဝယ်မရှိတာကြောင့် တောင်သူရော ကုန်သည်ပါ အရှုံးပေါ်နေတယ်လို့ အောင်ပန်းကုန်စိမ်းရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

ပန်းဂေါ်ဖီ (ပန်းမုန်လာ) စိုက်တောင်သူတွေဟာ ဇူလိုင်လက ပန်းဂေါ်ဖီ ၁ ထုပ်ကို ခြံဖြတ်စျေး ၇၀၀ မှ ၈၀၀ အထိ ရရှိခဲ့ပေမဲ့ အခုအခါ ခြံဖြတ်စျေး ၁ ထုပ်ကို ၅၀ မှ ၇၀ တောင် ဝယ်မယ့်သူ မရှိတာကြောင့် နွားစာကျွေးနေရတယ်လို့ ပန်းဂေါ်ဖီစိုက် တောင်သူတဦးက ပြောပါတယ်။

“ပန်းမုန်လာစိုက်တာက တဧကကို သိန်း ၃၀ နီးပါးလောက် ကုန်ထားတာ။ အခု စျေးကွက်ပျက်​ပြီး ဝယ်မယ့်လူတွေ မရှိတော့ဘူး။ ပန်းမုန်လာက သူ့အချိန်နဲ့သူ ခုတ်ရတာလေ၊ မခုတ်ဘဲနဲ့လည်း ထားလို့မရဘူး။ လှောင်ထားလို့ရတဲ့ပစ္စည်းလည်း မဟုတ်ဘူး။ ကြားထဲက ပွဲစားတွေက လိမ်သေးတယ်။ ခြံဖြတ်ဝယ်မယ်ဆိုပြီး စရန် ၅၀,၀၀၀ ပေးပြီး စျေးကွက်လည်း ပျက်သလိုဖြစ်သွားရော တယောက်မှ ပေါ်မလာတော့ဘူး။ အခုအခြေအနေက ဝယ်မယ့်သူ မရှိတော့ နွားစာတွေ ကျွေးကြတယ်။ တချို့ကျတော့ ကားခနည်းနည်းအကုန်ခံပြီးတော့ လှူကြတယ်။”

ပန်းဂေါ်ဖီ (ပန်းမုန်လာ) ဟာ မိုးရာသီဖြစ်တာကြောင့်ကော တိုက်ပွဲအခြေအနေကြောင့်ပါ လမ်းခရီး ကြန့်ကြာမှုတွေရှိနေပြီး သတ်မှတ်အချိန်ထက် နောက်ကျမှရောက်တာကြောင့် ပန်းဂေါ်ဖီထုပ်တွေ ပျက်စီးမှုနဲ့ ကြုံတွေ့နေရပြီး အရှုံးပေါ်နေတယ်လို့ အောင်ပန်း ပွဲရုံ ကုန်စည်ဒိုင်က သိရပါတယ်။

နယ်စပ် မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ပြီး အဝယ်မရှိတော့တာကြောင့် ပန်းဂေါ်ဖီ (ပန်းမုန်လာ) စျေးနှုန်းဟာ ​ပြီးခဲ့တဲ့ ဇူလိုင်က လက်ကားစျေး ကျပ် ၂,၀၀၀ အထိ ရှိပေမဲ့ အခုအခါ လက်ကားဝယ်မယ့်သူ မရှိတော့ဘဲ လက်လီစျေးမှာတောင် ကျပ် ၅၀၀ အထိသာ ပေါက်စျေးရှိပါတော့တယ်။

အောင်ပန်းပွဲရုံကုန်သည်တဦးက “အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ ၁၂ ဘီးကား အဝယ်မရှိတော့ ပွဲရုံကကုန်တွေ ထိတာပေါ့။ မိုးတွင်းဆိုတော့လည်း ရန်ကုန်ပို့ရင်တောင် ပန်းပွင့်တွေက မိုးထိလာတော့ ဟိုရောက်ရင် ရိကုန်တာနဲ့ ပျက်ကုန်တာနဲ့ တခုမဟုတ်တခုဖြစ်ပြီး ဟိုဘက်ကုန်သည်တွေလည်း အရှုံးများကုန်ရော။ ပြီးတော့ ပန်ပွင့် အဓိကဆွဲတဲ့ ဘီးလင်း၊ သထုံနဲ့ မြဝတီက ရေကြီးတာ၊ မြေပြိုတာတွေနဲ့ တိုက်ပွဲတွေကြောင့် စျေးကွက်ပျက်စေတဲ့ အဓိကအကြောင်းအရင်းပေါ့။ မြဝတီနဲ့ အောင်ပန်းက ကုန်စည်စီးဆင်းမှု တိုက်ရိုက်အခြေအနေ သက်ရောက်မှု ရှိနေတာ​ကြောင့်ပါ” လို့ ပြောပါတယ်။

အောင်ပန်းမှ မြဝတီကို တနေ့ ပန်းဂေါ်ဖီ (ပန်းမုန်လာ) ကား ၁၀ စီးမှ ၁၅ စီးခန့်၊ ကုန်ချိန် ၁၅၀,၀၀၀ ခန့် တင်ပို့နေပါတယ်။

မြဝတီ မြေပြိုနေတဲ့နေရာ ပြုပြင်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်ကောင်းမွန်လာရင်လည်း တိုက်ပွဲအခြေအနေတွေကြောင့် ပန်းမုန်လာစျေးကွက်ဟာ အရင်လို ပြန်မကောင်းလာနိုင်တော့ဘူးလို့ စျေးကွက်လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

ပန်းဂေါ်ဖီကို ရှမ်းပြည်တောင်ပိုင်းဒေသတွေဖြစ်တဲ့ နောင်တရား၊ တီကျစ်၊ ကလော၊ အောင်ပန်း၊ ပင်းတယနဲ့ ရွာငံဒေသတို့မှာ အဓိကစိုက်ပျိုးပြီး ကချင်ပြည်နယ် မိတ္ထီလာနဲ့ ချင်းတွင်းမြစ်ရိုး အရှေ့ဘက်ကမ်း ကျေးရွာတွေမှာလည်း စိုက်ပျိုးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013