
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တောင်ကိုရီးယား လက်လီရင်းနှီးမြှုပ်နှံသူတွေ အလိမ်ခံရလို့ ဒေါ်လာ သန်း ၂၅၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
လူလိမ်တွေက ဈေးကွက်အတက်အကျ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ရင်းနှီးမြှုပ်နှံသူတွေဆီက ငွေတွေကို လိမ်လည်ရယူခဲ့ကြတာပါ။
ဇန်နဝါရီလကနေ ဇွန်လအတွင်း စတော့ခ်ရှယ်ယာ အကြံပြုချက်ပေးတဲ့ အွန်လိုင်းအဖွဲ့တွေနဲ့ ဆက်စပ်တဲ့ အမှုပေါင်း ၃,၅၀၆ ခုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး ဒီအမှုတွေထဲမှာ ဝမ်ငွေ ၃၃၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄၇ ဒသမ ၈၄ သန်း) ပါဝင်ပတ်သက်နေတာကို အချက်အလက်တွေက ဖော်ပြထားပါတယ်။
ဒီကာလအတွင်း တောင်ကိုရီးယားရဲ့ KOSPI ဈေးကွက်ဟာ ကမ္ဘာ့စွမ်းဆောင်ရည် အကောင်းဆုံး စတော့ခ်ဈေးကွက်အဖြစ် ရပ်တည်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ၃၀ ရာခိုင်နှုန်းထိ ပြန်ကျဆင်းသွားခဲ့ပါတယ်။
အချက်အလက်တွေအရ အမှုအရေအတွက်ဟာ အရင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၄ ဒသမ ၁ ရာခိုင်နှုန်းသာ တိုးလာပေမဲ့ ပါဝင်ပတ်သက်တဲ့ ငွေကြေးပမာဏကတော့ ၁၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
အတွေ့အကြုံနည်းတဲ့ လက်လီရင်းနှီးမြှုပ်နှံသူတွေက အထူးသဖြင့် လိမ်လည်ခံရနိုင်ခြေ ပိုများတယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။
လူလိမ်တွေဟာ စတော့ခ်ဈေးနှုန်းတွေ အမြန် မြင့်တက်နေချိန်မှာ အခွင့်အရေး လက်လွတ် ဆုံးရှုံးရမှာကို စိုးရိမ်ပူပန်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့စိတ်ကို အသုံးချပြီး ငွေထုတ်ပေးလာအောင် စည်းရုံးသိမ်းသွင်းခဲ့ကြတယ်လို့ ဘဏ္ဍာရေးဆိုင်ရာ လိမ်လည်မှုတွေကို အထူးပြု ကိုင်တွယ်တဲ့ ရှေ့နေတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။
မကြာသေးမီနှစ်တွေအတွင်း တောင်ကိုရီးယားက လူလိမ်တွေဟာ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ အိမ်ခြံမြေ ကဏ္ဍတို့ကို အဓိကထား လိမ်ခဲ့ကြပေမဲ့ အခုနှစ် ဈေးကွက်မြင့်တက်မှု ကာလအတွင်း လက်လီ စတော့ခ် ရင်းနှီးမြှုပ်နှံသူတွေကို ပစ်မှတ်ထားဖို့ လိမ်လည်မှုပုံစံတွေကို သိသိသာသာ ပြောင်းလဲခဲ့ကြတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
Source: Reuters











