ဂျပန်အစိုးရက မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုကို ကန့်ကွက်လိုက်ပြီး ထပ်ခါတလဲလဲ ဒုံးကျည်ပစ်လွှတ်မှုဟာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ဟိရိုကာ့ဇု မတ်ဆုနိုက သြဂုတ် ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
ဒုံးကျည်ရဲ့ အစိတ်အပိုင်းတွေဟာ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာ အတွင်းကို ကျရောက်ခဲ့ကြောင်းလည်း မတ်ဆုနိုက ပြောပါတယ်။
မြောက်ကိုရီးယားက အာကာသထဲ ဒုံးပျံလွှတ်တင်လိုက်ပြီးနောက်မှာ ဂျပန်အစိုးရဟာ ကြာသပတေးနေ့ အစောပိုင်း ဒေသစံတော်ချိန် မနက် ၄ နာရီမှာ သူ့ရဲ့ J-ALERT အရေးပေါ် အသံလွှင့်စနစ်ကနေ အိုကီနာဝါစီရင်စုရဲ့ တောင်ပိုင်းနေ ဒေသခံတွေအတွက် အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အိမ်ထဲမှာပဲ လုံလုံခြုံခြုံနေကြဖို့ ညွှန်ကြားခဲ့ပါတယ်။
သတိပေးချက် ထုတ်ပြန်ပြီးနောက် မိနစ် ၂၀ အကြာလောက်မှာ ဒုံးကျည်ဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းသွားကြောင်း ဂျပန်အစိုးရက နောက်ဆက်တွဲ ထုတ်ပြန်ခဲ့ပြီး အရေးပေါ်သတိပေးချက်ကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ မေလတုန်းက စပိုင်ဒုံးကျည် လွှတ်တင်မယ့် သူ့ရဲ့ ပထမကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီး ဒီကနေ့မှာ သူ့ရဲ့ ဒုတိယအကြိမ် ကြိုးပမ်းမှုကလည်း မအောင်မြင်ခဲ့တာကြောင့် အာကာသ အာဏာပိုင်တွေက အောက်တိုဘာလမှာ နောက်တကြိမ် လွှတ်တင်နိုင်ဖို့ ကြိုးပမ်းဦးမယ်လို့ ထပ်မံကတိပြုထားပါတယ်။
Source - Reuters











