
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ လုရေဒိုမြို့မှာရှိတဲ့ ရထားကုန်တင်တွဲတတွဲထဲကနေ လူသေအလောင်း ၆ လောင်းကို မေ ၁၀ ရက်မှာ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မက္ကဆီကိုနယ်စပ်နားက လူသွားလူလာနည်းတဲ့ ရထားဝင်းတခုမှာ ယူနီယံပစိဖိတ် ရထားလိုင်းဝန်ထမ်းတယောက်က အလောင်းတွေကို စတွေ့ခဲ့တာဖြစ်ပြီး အဲဒီနောက် ရဲနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်လာကာ သူတို့အားလုံး သေဆုံးနေပြီ ဆိုတာကို အတည်ပြုခဲ့တယ်လို့ လုရေဒို စုံစမ်းစစ်ဆေးရေး ရဲအရာရှိ ဂျိုးဘယ်ဇာက ပြောပါတယ်။
သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ အခုထိ မသိရသေးဘူး၊ စုံစမ်းစစ်ဆေးမှု ဆက်လုပ်နေတယ်၊ အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့လည်း ပြောပါတယ်။
သေဆုံးသူတွေ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
အမေရိကန်-မက္ကဆီကို နယ်စပ်နားမှာ ရထားတွေ၊ ကုန်တင်ကားတွေထဲ လူအများအပြား သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေ အရင်ကလည်း ရှိခဲ့ဖူးပြီး အဲဒီဖြစ်ရပ် အများစုမှာ ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ပါဝင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်တုန်းကလည်း ဆန်အန်တိုနီယိုမြို့ အပြင်ဘက်မှာ လေအေးပေးစနစ်ပျက်နေတဲ့ စွန့်ပစ် ကုန်တင်ကား တစီးထဲကနေ လူ ၅၃ ယောက် သေဆုံးနေတဲ့ဖြစ်ရပ် ဖြစ်ခဲ့ဖူးပါတယ်။
Source: Reuters










