DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်အုပ်စုနှင့် ဆက်နွှယ်နေသည့် စင်ကာပူကုမ္ပဏီများကို အရေးယူပေးရန် အဖွဲ့ ၂၀၀ ကျော် တောင်းဆို
DVB
·
August 23, 2023
မြန်မာစစ်အုပ်စုနှင့် ဆက်နွှယ်နေသည့် စင်ကာပူကုမ္ပဏီများကို အရေးယူပေးရန် အဖွဲ့ ၂၀၀ ကျော် တောင်းဆို
Donate to DVB

ပြည်သူလူထုအပေါ် ဆက်လက်အကြမ်းဖက်မှုတွေမှာ သုံးနေတဲ့ လက်နက်တွေ၊ စစ်ဘက်- အရပ်ဘက်သုံး ကုန်ပစ္စည်းတွေ၊ နည်းပညာနဲ့ ငွေကြေး ရန်ပုံငွေတွေကို မြန်မာစစ်အုပ်စုက ရယူအသုံးပြုတာကို တားမြစ်ပိတ်ပင်ရေးအတွက် အဓိပ္ပာယ်ရှိပြီး ခိုင်မာတဲ့ အရေးယူဆောင်ရွက် မှုတွေ လုပ်ဆောင်ပေးဖို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန်ကို ပြည်တွင်းပြည်ပ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။

ဩဂုတ် ၂၂ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကိုတော့ ဗြိတိန်နိုင်ငံအခြေစိုက် ဘားမားကမ်ပိန်းအဖွဲ့၊ Justice For Myanmar အဖွဲ့၊ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဖွဲ့ ၄ ဖွဲ့ အပါအဝင် စုစုပေါင်း အဖွဲ့အစည်း ၂၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားတာပါ။

တောင်းဆိုချက်တွေထဲမှာတော့ စင်ကာပူနိုင်ငံကတဆင့် မြန်မာစစ်တပ်ဆီ လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေကို လွှဲပြောင်းရောင်းချတာ၊ ဖြတ်သန်းသယ်ယူတာ၊ တင်ပို့တာ၊ ဒါမှမဟုတ် ကြားခံအဖြစ် ဆောင်ရွက်ပေးတာတွေမှာ ပါဝင်ပတ်သက်တဲ့၊ ဒါမှမဟုတ် အဲဒီလို ဆောင်ရွက်နိုင်အောင် ပံ့ပိုးပေးနေတဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီတွေကို လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုတွေကို ပိုပြီးတော့ မြန်ဆန် အလုပ်တွင်စေဖို့နဲ့ ပိုမိုဆောင်ရွက်ပေးဖို့လည်း ပါဝင်နေပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဆီ လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းတာကို တားဆီးပိတ်ဆို့ အရေးယူမှုတွေ စတင်လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုက စင်ကာပူ ဘဏ္ဍာရေးစနစ်ဆီ ဝင်ရောက်အသုံးပြုခွင့်ကို ဦးတည်ပစ်မှတ်ထားရှိတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေနဲ့ ပိတ်ပင်ဖို့ စတဲ့ အချက်တွေလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ အချိန်ကစ မြန်မာစစ်တပ်ဟာ လူပေါင်း ၃,၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၂၃,၀၀၀ ကျော် ဖမ်းဆီး၊ ထိန်းသိမ်းခဲ့တဲ့အပြင် ပြည်သူ ၁ ဒသမ ၆ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ အိမ်ခြေ ၇၀,၀၀၀ ထက်မနည်း မီးလောင်တိုက်သွင်းခဲ့ပြီး ရွာများစွာကို လုံးလုံးလျားလျား ဖျက်ဆီးခဲ့တယ်လို့လည်း အိတ်ဖွင့်ပေးစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အရပ်ဘက်-စစ်ဘက် ခွဲခြားမှုမရှိတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ၃၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး စင်ကာပူ အပါအဝင် နိုင်ငံများစွာဟာ မြန်မာစစ်တပ်ကို လက်နက်၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေ၊ နည်းပညာတွေ လွှဲပြောင်းရောင်းချမှု၊ အဆိုပါနိုင်ငံတွေရဲ့ ဘဏ်စနစ်တွေကို ဆက်လက်အသုံးပြုတာကို ဆက်လက်ခွင့်ပြုတာ၊ ဒါမှမဟုတ် တားဆီးဖို့ ပျက်ကွက်တာတွေကြောင့် အာဏာသိမ်း စစ်အုပ်စုက အဆိုပါ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်ကျူးလွန်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ မူအားဖြင့် ကတိကဝတ်ပြုကြောင်း ပြောဆိုခြင်းထက် ကျော်လွန်တဲ့ တုံ့ပြန်မှုအဖြစ် စင်ကာပူကနေ မြန်မာနိုင်ငံအပေါ် လွတ်လပ်စွာ ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်တာသာ ဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာထဲမှာ တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူရဲ့ ၂၀၂၃ ခုနှစ်၊ မေလထုတ် အစီရင်ခံစာမှာတော့ မြန်မာစစ်တပ်အတွက် ကြားခံတွေအဖြစ် လုပ်ဆောင်ခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ အနည်းဆုံး ၁၃၈ ခုကို ဖော်ထုတ်ခဲ့ပြီး အဆိုပါကုမ္ပဏီတွေက အမေရိကန် ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တင်သွင်းခဲ့ကြောင်း မီးမောင်းထိုးပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံအနေနဲ့ အာဆီယံအောက်ကတဆင့် မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ချက်ချင်းရန်တန့်ဖို့ တောင်းဆိုနေပေမဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီတွေက မြန်မာစစ်အုပ်စုဆီ လက်နက်နဲ့ စစ်ဘက်-အရပ်ဘက်သုံး ကုန်ပစ္စည်းတွေကို လွှဲပြောင်းရောင်းချနေပြီး အဲဒီလို လွှဲပြောင်းရောင်းချတာတွေမှာ စင်ကာပူဘဏ္ဍာရေး စနစ်တွေကို ပတ်သက် အသုံးပြုခွင့် ပေးထားတာကလည်း အာဆီယံရဲ့ အရည်အသွေးတွေကို ပိုမိုမှေးမှိန် ချည့်နဲ့သွားစေတယ်လို့ ပြောပါတယ်။

ဒါကြောင့်မို့ အခုအိတ်ဖွင့်ပေးစာကို လက်မှတ်ရေးထိုးထားတဲ့ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က စင်ကာပူ စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို စစ်အုပ်စု လက်ရှိ ကျူးလွန်နေဆဲဖြစ်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပံ့ပိုးကူညီတာ၊ အဆိုပါလုပ်ရပ်တွေ အတွင်း ကြံရာပါအဖြစ် ပါဝင်တာတွေကို ရပ်တန့်ဖို့ အဓိပ္ပာယ်ရှိတဲ့၊ ခိုင်မာပြီး မြင်သာထင်သာရှိတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့  စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးကို အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်တာပါ။

စင်ကာပူအစိုးရကတော့ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းကိရိယာတွေ ပို့ဆောင်ဖို့အတွက် ခွင့်မပြုခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်တုန်းက ငြင်းဆိုထားခဲ့ပါတယ်။

အဲဒီလက်နက်ကိရိယာတွေဟာ လက်နက်မဲ့အရပ်သားတွေအပေါ် အကြမ်းဖက်ရာမှာ အသုံးပြုနိုင်ခြေ မြင့်မားတာကို သိထားကြောင်းလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ အစီရင်ခံစာမှာ “မြန်မာစစ်တပ် လက်နက်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ အပါအဝင် ပစ္စည်းအမြောက်အမြားကို သယ်ယူတင်သွင်းရာမှာ စင်ကာပူဟာ အရေးပါတဲ့ အကူးအပြောင်း နေရာတခုဖြစ်တယ်” လို့ ဖော်ပြထားတာကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံအပြင် ဩစတြီးယား၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမနီ၊ ထိုင်ဝမ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန် စတဲ့ နိုင်ငံ ၁၃ နိုင်ငံက ကုမ္ပဏီတွေဟာလည်း မြန်မာစစ်တပ်လက်အောက်ခံ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်း (ကပစ) အတွက် လိုအပ်တဲ့ကုန်ကြမ်းတွေကို ထောက်ပံ့ပေးနေတယ်လို့ SAC-M ရဲ့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အတိုက်အခံတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်း နှိပ်ကွပ်မှုတွေနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ရာမှာ အဆိုပါ စစ်လက်နက်ပစ္စည်းတွေကို မြန်မာစစ်တပ်က အသုံးပြုနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013