DVB Logo
Home
မြန်မာသတင်း
ကြက်သွန်နီဈေးနှုန်း အမြင့်ဆုံးရောက်လာ
DVB
·
August 23, 2023
ကြက်သွန်နီဈေးနှုန်း အမြင့်ဆုံးရောက်လာ
Donate to DVB

မြန်မာနိုင်ငံထွက် ကြက်သွန်နီကို ဘင်္ဂလားဒေ့်ရှ်၊ တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့က အဝယ်ရှိနေတာကြောင့် လက်ကားစျေးကွက်မှာ ကြက်သွန်နီတပိဿာကို အမြင့်ဆုံးစျေး ကျပ် ၃,၆၀၀ ထိ စျေးမြင့်တက်နေတယ်လို့ ကြက်သွန်နီ ကုန်သည်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကတော့ တပိဿာကို ကုန်စည်ဒိုင်စျေး ကျပ် ၂,၀၀၀ ဝန်းကျင်မှာပဲ ရှိခဲ့ပြီး လက်ရှိဈေးဟာ အခုနှစ်အတွင်း အမြင့်ဆုံးစျေးတန်းတခု ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းကြက်သွန်နီစျေး မြင့်တက်လာရတဲ့ အကြောင်းရင်းထဲမှာ အိန္ဒိယအစိုးရက ကြက်သွန် ပြည်ပတင်ပို့မှုအပေါ် အခွန်တိုးကောက်လိုက်တာကြောင့် မြန်မာ့ကြက်သွန်ကို ပိုအဝယ်လိုက်လာတာ၊ မြန်မာကျပ်ငွေ တန်ဖိုးကျနေတာ စတဲ့အချက်တွေလည်း ပါဝင်တယ်လို့ ကြက်သွန်ကုန်သည်တဦးက မှတ်ချက်ပြုပါတယ်။

ကြက်သွန်နီ ကုန်သည်ပွဲစားတဦးက “ပြည်ပအထွက်ရှိပြီးတော့ မြန်မာငွေစျေး ကျနေတာကြောင့်ပါ။ ဘင်္ဂလားဒေ့်ရှ်က အိန္ဒိယက ဝယ်နေကျ၊ ခုက အိန္ဒိယဘက်က အခွန်တိုးကောက်တယ် ပြောတယ်။ အဲတော့ မြန်မာနိုင်ငံဘက်က ပြန်ဝယ်နေတယ်။ စျေးတန်းအရတော့ အခုစျေးက မြင့်တယ် ပြောလို့ရတယ်။ ဒါပေမဲ့ အရင်နှစ် တန်ကြေးနဲ့စာရင် ခုက ဘာမှမဟုတ်သေးဘူး” လို့ ပြောပါတယ်။

ကြက်သွန်နီစျေး မြင့်တက်လာပေမဲ့ တောင်သူတွေ ဝယ်ယူသုံးစွဲရတဲ့ စိုက်ပျိုးရေး သွင်းအားစုစျေးတွေလည်း ကြီးမြင့်နေပြီး အခုနှစ်မှာ ကြက်သွန်စိုက်ပျိုးထွက်ရှိမှုလည်း လျော့နည်းခဲ့တာကြောင့် စျေးဆက်ကောင်းနိုင်တယ်လို့ စိုက်ပျိုးတောင်သူတွေနဲ့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

ကြက်သွန်ကုန်သည် လုပ်ငန်းရှင်တဦးက “ဒီနှစ်က အရင်နှစ်တွေထက်စာရင် အထွက်နည်းတယ်။ သွင်းအားစုစျေးကြီးလွန်းတော့ စိုက်တဲ့သူက အထွက်လျော့ပြီး တချို့လည်း မစိုက်နိုင်ကြဘူး။ စျေးကတော့ ပြည်ပအထွက်ရှိနေတဲ့အတွက် ကျနော့်အထင် ထပ်တက်နိုင်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကြက်သွန်နီဧက ၁ ဒသမ ၇ သိန်းကျော် စိုက်ပျိုးပြီး နှစ်စဉ် တန်ချိန် တသန်းကျော် ထွက်ရှိပေမဲ့ ပြည်ပတင်ပို့မှုကတော့ တနှစ်ကို တန်ချိန် တသိန်းဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကြက်သွန်နီ အထွက်နှုန်းနဲ့ ပြည်ပတင်ပို့နိုင်မှုတို့အပေါ် မူတည်ပြီး ကြက်သွန်စျေး အပြောင်းအလဲ ဖြစ်ပေါ်လေ့ ရှိပါတယ်။

ကြက်သွန်စိုက်တောင်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်မှာ ကိုဗစ်-၁၉ ရောဂါဂယက်ရဲ့ ကုန်သွယ်ရေး နှောင့်နှေးမှုကြောင့် ဆိုးဆိုးရွားရွား အရှုံးပေါ်ခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာလည်း စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် ထိုးတက်လာတာကြောင့် တောင်သူတချို့ဟာ ပုံမှန်စိုက်ဧကထက် လျှော့ချ စိုက်ပျိုးခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013