မကွေးတိုင်း ပေါက်မြို့နယ်မှာ သြဂုတ် ၂၂ ရက် မနက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် တယောက် သေဆုံးကာ လက်နက် တလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ်ပကဖ-ASTF ကနေ သိရပါတယ်။
ပေါက်မြို့နယ် ရေပြာလမ်းဆုံက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို သြဂုတ် ၂၂ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ် တိုက်ခိုက်ခဲ့ကြတာလို့ ASTF ရဲ့တာဝန်ခံ စကြာက ပြောပါတယ်။
“အဲဒီဂိတ်က အမြဲတမ်းညအိပ်ပြီးလုပ်တာမဟုတ်ဘူး။ ရေပြာစခန်းထဲကနေ မနက်စောစောမှာသွားစောင့်ပြီး ညဆိုရင်တော့ စခန်းထဲပြန်အိပ်ကြတယ်။ ဒီနေ့မနက် သူတို့ထွက်လာတတော့ ၆ ယောက်ထွက်လာပြီး သူတို့မရောက်ခင် ကြိုတင်စောင့်ဆိုင်းကာ ရှေ့ဆုံးက ထွက်လာတဲ့ ရဲတယောက်ကို စတင်ပစ်ခတ်ခဲ့ကြတာ။”
အဲဒီတိုက်ခိုက်မှုအတွင်းမှာ အနီးကပ်ပစ်ခတ်ခံရတဲ့ ရဲတပ်သား တယောက် နေရာမှာတင် သေဆုံးကာ ကျန်တဲ့ သူတွေကတော့ ကြောက့်လန့်ပြီးထွက်ပြေးကြတာကြောင့် လိုက်လံပစ်ခတ်ရာမှာ ဒဏ်ရာရရှိတဲ့သူရှိနိုင်တယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ G3 သေနတ် ၁ လက်၊ ဆိုင်ကယ် ၂ စီး၊ G3 ကျည်ဆန် ၁၇၁ တောင့်၊ ၄ဒသမ ၈ ကျည် ၁၅ တောင့်၊ ၃၀.၆ ကျည် ၆ တောင့်နဲ့ စစ်အသုံးဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ASTF၊ မြိုင်ပကဖတပ်ရင်း ၁၊ ပခုက္ကူခရိုင်တပ်ရင်း ၁၆-FRG၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ဗျတ္တနဲ့ နွေဦးလေပြေတပ်ဖွဲ့၊ Justic Fighter တပ်ဖွဲ့၊ ကင်ဒိုတပ်ဖွဲ့၊ အဆိုတော်တပ်ဖွဲ့၊ ဆိုင်ကလုန်းပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့နဲ့ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး NPRF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
သြဂုတ် ၂၁ ရက်နေ့မနက်ကလည်း မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ယောကာကွယ်ရေးတပ်-YDF ကနေ ပြောပါတယ်။
ဂန့်ဂေါမြို့နယ် ကျောမြို့အခြေစိုက် ကပစ ၂၃ ရဲ့ စစ်ရေးဗျူဟာအရ အချက်ချာကျတဲ့ စိုးမိုးကုန်းကို သြဂုတ် ၂၁ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ YDF ရဲ့ ယောနကစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ YDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
နှစ်ဘက်အပြန်အလှန် မိနစ် ၂၀ လောက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီး သီဟအောင် အပါအဝင် ၃ ယောက်သေဆုံးတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီကုန်းပေါ်မှာက စစ်ကောင်စီရဲ့ ဗိုလ်ကြီး ၂ ယောက်၊ တပ်ခွဲတပ်ကြပ်ကြီး ၁ ယောက်၊ တပ်ကြပ်ကြီး ၅ ယောက်၊ တပ်ကြပ် ၂ ယောက် တပ်စွဲနေထိုင်တာလို့ သိမ်းဆည်းရရှိတဲ့ လက်ကိုင်ဖုန်းတွေကနေ သိရတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ MA3 သေနတ် ၂ လက်၊ ကျည်ဘောက် ၁၃ ခု၊ ကျည် ၃၄၃ တောင့်၊ အီကွေးမန့် ၄ ခု၊ ကျောပိုးအိတ်တလုံး၊ ဖုန်း ၄ လုံးနဲ့ ပါဝါဘန့် ၂ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်နဲ့ဂန့်ဂေါ တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။