DVB Logo
Home
မြန်မာသတင်း
ပြည်ပ အဝယ်လိုက်သဖြင့် ရာသီပေါ် ထောပတ်ပဲ စျေးကောင်းရ
DVB
·
August 23, 2023
ပြည်ပ အဝယ်လိုက်သဖြင့် ရာသီပေါ် ထောပတ်ပဲ စျေးကောင်းရ
Donate to DVB

ပြည်ပကနေ အဝယ်လိုက်နေတာကြောင့် ရာသီပေါ်စ ထောပတ်ပဲ ခေါ် ပဲလိပ်ပြာ စျေးကောင်းရပြီး တောင်သူတွေ အဆင်ပြေနေတယ်လို့ ပဲစိုက်တောင်သူတွေက ပြောပါတယ်။

ထောပတ်ပဲ ခေါ် ပဲလိပ်ပြာဟာ ပြီးခဲ့တဲ့နှစ် ရာသီဦးပေါ်စက အခွံပါ ၁ တင်း (ပိဿာ ၂၀) ကို ကျပ် ၄၁,၀၀၀ သာ ရရှိပေမဲ့ အခုနှစ်မှာ ကျပ် ၆၈,၀၀၀ အထိ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထောပတ်ပဲစိုက်တောင်သူတဦးက “ဒီနှစ် တခြားသီးနှံတွေ စျေးကွက်ပျက်နေချိန်မှာ ထောပတ်ပဲက ထူးထူးခြားခြား အမြတ်ရနေတယ်။ ထောပတ်ပဲ အမြတ်ရတာက ၃ နှစ်ဆက် ရှိပါပြီ။ ဒီနှစ်ကတော့ အမြတ်အများဆုံးပေါ့။ ထောပတ်ပဲ စျေးမြင့်သလို စိုက်ပျိုးရေးစရိတ် တွေလည်း တက်လာတယ်။ အရင်က တဧကကို ကုန်ကျစရိတ် ၁၄၀,၀၀၀ လောက်ကုန်ရင် အခုက ၂၀၀,၀၀၀ လောက် ကုန်ခဲ့တယ်။ စက်တင်ဘာမှာ စိုက်ရမယ့်ဟာဆို ဒီထက် ပိုကုန်ဦးမှာဆိုတော့ စျေးထပ်မတက်ရင်တောင် ဒီစျေးလေးလောက်တော့ ရှိစေချင်တယ်” လို့ ပြောပါတယ်။

ထောပတ်ပဲ တဧကကို မျိုး ၆ ပြည် ကြဲရပြီး နွားချေး၊ ဓာတ်​မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ အလုပ်သမားခတို့အတွက် စုစုပေါင်းကုန်ကျစရိတ် ၁၉၀,၀၀၀ ကျော်ကုန်ပြီး အထွက်နှုန်းမှာ တဧကကို ၅ တင်းဝန်းကျင် ထွက်တာကြောင့် ၃၄၀,၀၀၀ ကျော်ပြန်ရတဲ့အတွက် တဧကကို ကျပ် ၁၅၀,၀၀၀ ခန့် အမြတ်ကျန်တယ်လို့ သူကဆက်ပြောပါတယ်။

ထောပတ်ပဲကို တရုတ်နဲ့ ပြည်ပနိုင်ငံတွေက အဝယ်လိုက်တာ​ကြောင့် ဝယ်လိုအားများပြီး စျေးကောင်းရရှိနေတာဖြစ်ကြောင်း၊ ထောပတ်ပဲ အခွံချွတ်ပြီးသားစျေးမှာ တတင်း (ပိဿာ ၂၀) ကို ကျပ် ၈၅,၂၀၀ အထိရရှိနေပြီး မနှစ်ကစျေးထက် ကျပ် ၁၅,၀၀၀ ကျော် ပိုရနေပါတယ်။

အောင်ပန်းကုန်စိမ်းပွဲရုံကုန်သည်တဦးက “ရာသီပေါ်စ ထောပတ်ပဲစျေးက ရှားတုန်းက စျေးလောက် ရနေတာ။ ပြည်တွင်းလည်း အထိုက်အလျောက်စားသလို ပြည်ပလည်း အရမ်းဝယ်လို့ စျေးတွေမြင့်လာတာပါ။ အခွံပါစျေးဆို ၁ ပတ်လောက်ကို ၁ ပိဿာ ၆၀၀ လောက် တက်လာတာ။ ထောပတ်ပဲက ပြည်ပကို အဓိကအားကိုးနေရတဲ့ကုန်စည် ဖြစ်နေတာကြောင့် ပြည်ပအဝယ်လိုက်နေသရွေ့ စျေးကောင်းရနေမှာဖြစ်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ထောပတ်ပဲကို တရုတ်နိုင်ငံကို အဓိကတင်ပို့ပြီး ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်နဲ့ ဒိန်းမတ်တို့ကို နှစ်စဉ် ပျမ်းမျှ တန်ချိန် ၃၀,၀၀၀ ခန့် တင်ပို့ပါတယ်။

ပြည်တွင်းမှာ ထောပတ်ပဲကို ပဲကြမ်းကြော်ပြုလုပ်တာ၊ ပြုတ်စားတာနဲ့ ပဲရေပွပြုလုပ်ပြီး စားသုံးကြသလို ပဲမုန့်ပြုလုပ်ပြီးလည်း အသုံးပြုကြပါတယ်။

မြန်မာနိုင်ငံမှာ ထောပတ်ပဲစိုက်ဧက ၁၆၀,၀၀၀ ကျော်ရှိပြီး ပျမ်းမျှအထွက်နှုန်း တန်ချိန် ၁၀၀,၀၀၀ ခန့် ရှိတယ်လို့ စားသုံးသူ​ရေးရာဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ထောပတ်ပဲကို မြန်မာပြည်အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်းမှာ မင်းဘူး၊ စလင်း၊ မန္တလေးတိုင်းမှာ မလှိုင်၊ တောင်သာ၊ နွားထိုးကြီးနဲ့ စစ်ကိုင်းတိုင်းမှာ ဂန့်ဂေါ၊ ကလေး၊ ကလေးဝ၊ ရွှေဘို၊ ကဘော်ချိုင့်ဝှမ်းဒေသတွေမှာ အဓိကစိုက်​ပျိုးပြီး ဧရာဝတီတိုင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မအူပင်နဲ့ ဝါးခယ်မမြို့မှာလည်း အနည်းငယ်စိုက်ပျိုးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013