
နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့မင်းသမီး မက်တီမာရစ်ဟာ ကျန်းမာရေး ပိုပြီးဆိုးရွားလာတဲ့အတွက် အဆုတ်အစားထိုး ကုသဖို့ စောင့်ဆိုင်းစာရင်းထဲ ထည့်သွင်းခံထားရတယ်လို့ ဇွန် ၅ ရက်မှာ တော်ဝင် နန်းတော်က ထုတ်ပြန်ပါတယ်။
အသက်အန္တရာယ်ရှိတဲ့ နာတာရှည် အဆုတ်ရောဂါကြောင့်ရယ်၊ ကျန်းမာရေးကို သေချာ စေ့စေ့ စပ်စပ် စစ်ဆေးပြီးတဲ့နောက်မှာရယ် တော်ဝင်မင်းသမီး မက်တီမာရစ်ကို အဆုတ် အစားထိုး ကုသရမဲ့ စာရင်းထဲ ထည့်သွင်းလိုက်ပါပြီလို့ နန်းတော်က ပြောပါတယ်။
နော်ဝေထီးနန်းကို ဆက်ခံမဲ့ အိမ်ရှေ့မင်းသား ဟာကွန်ရဲ့ အသက် ၅၂ နှစ်အရွယ် ဇနီးဖြစ်သူဟာ ၂၀၁၈ ခုနှစ် ကတည်းက အဆုတ်အမာရွတ်ဖြစ်တဲ့ ရောဂါ ခံစားနေရတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
အဲဒီရောဂါဟာ အဆုတ်မှာ အမာရွတ်တွေဖြစ်စေပြီး အောက်ဆီဂျင်ရရှိမှုကို လျော့နည်းစေတဲ့ နာတာရှည်ရောဂါ ဖြစ်ပါတယ်။
အော်စလို တက္ကသိုလ်ဆေးရုံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အဆုတ် အစားထိုးကုသမှု လုပ်ရမဲ့ အချိန် နီးကပ်လာပြီလို့ ပြောခဲ့ပေမဲ့ အဲဒီအချိန်တုန်းက အိမ်ရှေ့မင်းသမီးဟာ နော်ဝေနိုင်ငံရဲ့ အလှူခံမယ့်သူတွေ စာရင်းထဲ မပါသေးပါဘူး။
ဒီတစ်ပတ်အစောပိုင်းမှာ မက်တီမာရစ်ရဲ့ အခြေအနေ ပိုဆိုးလာပြီး အသက်ရှူဖို့ ပိုရုန်းကန် နေရတယ်လို့ အိမ်ရှေ့မင်းသား ဟာကွန်က ပြောပါတယ်။
မက်တီမာရစ်ဟာ ၁၉၉၉ ခုနှစ် တေးဂီတပွဲတော်တခုမှာ ဟာကွန်နဲ့ စတင်ဆုံတွေ့ခဲ့ချိန်က အသက် ၂၅ နှစ်အရွယ် အိမ်ထောင်မရှိတဲ့ မိခင်တယောက်ဖြစ်ပြီး သာမန်အရပ်သူတယောက်သာ ဖြစ်ပါတယ်။
မီဒီယာတွေကြားထဲမှာ အပြင်းအထန် ဝေဖန်လှုပ်ခတ်မှုတွေနဲ့ စတင်ခဲ့တဲ့ သူတို့ရဲ့ ဖြစ်တောင့်ဖြစ်ခဲ တော်ဝင်အချစ်ဇာတ်လမ်းဟာ နောက်ဆုံးမှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူအများစုရဲ့ အားပေးထောက်ခံမှုကို ရရှိသွားခဲ့ပါတယ်။
Source: Reuters










