Home
ဆောင်းပါး
ရောင်စုံဖြာ ဖုံးလွှမ်းသွားသော ထိုင်းနိုင်ငံရေး
DVB
·
August 23, 2023

သုံးလကြာ သောင်မတင် ရေမကျ ဖြစ်ခဲ့ပြီးနောက် ထိုင်းပါလီမန်သည် အင်္ဂါနေ့တွင် ဝန်ကြီးချုပ်အဖြစ် အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်း သူဌေးကြီး ခွန်ဆေထာ ထဝီးဆင်အား မဲပေး ရွေးချယ်လိုက်ကြပြီ ဖြစ်သည်။ ခွန်ဆေထာသည် ရှေးရိုးစွဲ စစ်တပ်အသိုက်အဝန်းမှ လက်ခံနိုင်သူလည်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုင်းနိုင်ငံရေးတွင် မရေရာ မသေချာမှုများနှင့် နိုင်ငံရေး အကျပ်အတည်းကြီးဆီသို့ ဦးတည်နေမှုမှ လမ်းလွှဲပေးနိုင်ခဲ့ပြီ ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

အင်္ဂါနေ့သည် ထိုင်းပြည်သူများ ရုပ်မြင်သံကြားက မျက်လုံးမခွာဘဲ သည်းထိတ်ရင်ဖို ဖြစ်ရပ်များကို စောင့်ကြည့်ရသည့်နေ့ဟုလည်း ပြော၍ရပေသည်။ ထိုနေ့မနက်က အာဏာသိမ်း ဖြုတ်ချခံရသော ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်သည် ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘန်ကောက်သို့ ပြန်လည်ခြေချလာခဲ့သည်။ သက်ဆင်အား ချက်ချင်းဆိုသလိုပင် ရဲအဖွဲ့က ထိန်းသိမ်းလိုက်ပြီး တရားလွှတ်တော်ချုပ်တွင် သူ့အား ချမှတ်ထားသော အပြစ်ဒဏ်များကို ဖတ်ကြားပြီးနောက် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြသည်။ သူ့အား လာဘ်စားမှုသုံးမှု၊ အာဏာအလွဲသုံးစားမှုတမှုနှင့် မျက်ကွယ်တွင် တရားစီရင်ခဲ့ပြီးလည်း ဖြစ်သည်။ သက်ဆင်သည် ထိုသို့ ပြည်တော်ဝင်နိုင်ရန် ယခင်က အကြိမ်ပေါင်း ၂၀ ကျော်မျှ ကြိုးပမ်းခဲ့ပြီးလည်း ဖြစ်သည်။

ခွန်ဆေထာ ထဝီးဆင်သည် သက်ဆင်၏ အနီးစပ်ဆုံး လက်တွဲဖော်တဦး ဖြစ်သည်။ သက်ဆင် ယခုလို ပြည်တော်ပြန်ဝင်လာခြင်းသည် ဖွေ့ထိုင်းပါတီမှ ဖွဲ့စည်းလာမည့် အစိုးရအဖွဲ့အပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်လျက် ရှိသည်။ သက်ဆင်ဟာ အစိုးရသစ်နှင့် တစုံတရာ သဘောတူညီမှု ရယူထားပြီး ဖြစ်သည်ဟုလည်း ကောလာဟလများ ပျံ့နှံ့လျက်ရှိသည်။

သို့သော် ‌ဖွေ့ထိုင်းပါတီမှ ယခင်ပြိုင်ဘက်ဖြစ်သော စစ်တပ်လိုလားသည့် ပါတီကြီးနှစ်ခု အပါအဝင် ပါတီပေါင်း ၁၁ နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းလာခြင်းအပေါ် ထိုင်းပြည်သူ အတော်များများက မကျေမနပ် ဖြစ်နေကြသည်။ ဖွေ့ထိုင်းသည် ၎င်းတို့နှင့် မည်သည့်အခါမျှ လက်တွဲသွားမည် မဟုတ်ဟုလည်း မဲဆန္ဒရှင်များကို ယခင်က ကတိပေးထားခဲ့ပြီးလည်း ဖြစ်သည်။

ဖိထား လိုမ့်ကျရွန်းရတ်၏ ရှေ့သို့ချီပါတီသည် ဘုရင်အား စော်ကားမှုသည် ရာဇဝတ်မှုမြောက်သည် ဆိုသော ဥပဒေအား အားပျော့သွားစေရန်နှင့် စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ထုတ်မည်ဆိုသော ကတိကဝတ်များနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရရေးတွင်မူ ဘုရင့်ထီးနန်းနှင့် စစ်တပ်အသိုက်အဝန်း၏ ပိတ်ဆို့ခြင်း ခံခဲ့ရသည်။

အသက်အားဖြင့် ၆၀ သာ ရှိသေးသည့် ခွန်ဆေထာသည် ထိုင်းလွှတ်တော် နှစ်ရပ်ပေါင်း၏ မဲအ‌ရေအတွက် ၄၈၂ မဲ ရရှိခဲ့သဖြင့် လိုအပ်သည့်မဲ စုစုပေါင်း ၃၇၄ မဲထက် အပုံကြီး ကျော်လွန်သွားခဲ့သည်။

ထိုအရေးကို ကျော်လွှားနိုင်ခဲ့သော်လည်း ယခုအခါ ပို၍ခက်ခဲသည့်အပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဖွေ့ထိုင်းသည် တခါက အပြောင်းအလဲများ ပြုလုပ်မည်၊ စစ်အစိုးရအား တက်တက်ကြွကြွ ဆန့်ကျင်သွားမည်ဟူသော ကတိများဖြင့် ရွေးကောက်ပွဲ မဲဆွယ်ခဲ့သော်လည်း ယခု စစ်တပ်နှင့်ပင် ပူးပေါင်းသွား၍ ထိုင်းမဲဆန္ဒရှင်များ၏ တောင်းဆိုထားချက်များ ပြည့်ဝရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရပြီဖြစ်သည်။ စစ်တပ်၊ ထီးနန်းနှင့် ထိုင်းပြည်သူများအကြား တင်းမာနေမှုသည် ရှေ့လျှောက် ဆက်လက်ကြီးထွားနေဦးမည့် ပြဿနာလည်း ရှိနေသည်။

‌ဖွေ့ထိုင်းသည် ရှေ့သို့ချီပါတီမှ ရွေးကောက်ပွဲ ကတိကဝတ်များကို ပြန်လည်ရုပ်သိမ်းရန် ငြင်းဆိုခဲ့သည့်အတွက် လက်တွဲဖြုတ်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဤသည်ကို မကျေမနပ် ဖြစ်လာသော ရှေ့သို့ချီပါတီ ထောက်ခံသူများသည် ‌ဖွေ့ထိုင်းပါတီ ဌာနချုပ်ရှေ့တွင် ၎င်းတို့၏ ပုံစံတူ ရုပ်တုကြီးများပေါ် သွေးများလောင်းပြီး မီးတင်ရှို့ ဆန္ဒပြခဲ့ကြသည်။ ထိုင်းပြည်သူများက ၎င်းတို့၏ဆန္ဒအား အုပ်စိုးသူအသိုက်အဝန်းမှ မရမက ချေဖျက်လိုက်ခြင်းဖြစ်သည်ဟု ယူဆထားကြပြီး ဖြစ်သည်။

ဖွေ့ထိုင်းသည် စစ်တပ်အား နိုင်ငံရေးမှ ဖယ်ထုတ်မည်ဟု ထပ်တလဲလဲ ကြွေးကြော်ခဲ့သော်လည်း ယခုအခါတွင်တော့ ခွန်ဆေထာအား ဝန်ကြီးချုပ်ဖြစ်‌ရေးအတွက် စစ်တပ်၏ ထောက်ခံမှုကို ရယူခဲ့ရသည်။ သို့သော် ရှေ့သို့ချီ အမတ်များကတော့ ခွန်ဆေထာအား ရွေးချယ်မှုကို ကန့်ကွက်မဲ ပေးခဲ့ကြသည်။ ထိုသို့ ဖွေ့ထိုင်းမှ စစ်တပ်၏ ပါတီကြီးနှစ်ခုနှင့် လက်ချင်းချိတ်သွားမှုအပေါ် ကန့်ကွက်သွားမည်ဟု အစောပိုင်းကပင် အသိပေးခဲ့ပြီး ဖြစ်သည်။

သက်ဆင်၏ ပြည်တော်ဝင်လာမှုသည် ယခင် ဆယ်စုနှစ်က တွေးပင် မတွေးနိုင်လောက်အောင် ဖြစ်ခဲ့ရာမှ ယခုလို ဖြစ်လာခြင်းသည် ထိုင်းနိုင်ငံရေးတွင် ရပ်တည်ချက် ပြောင်းလာခြင်းကို ထင်ဟပ်လာစေခဲ့သည်။ ထိုင်းရှိ ကြေးရေတက် အသိုက်အဝန်းက သက်ဆင်အား အန္တရာယ်ကြီးအဖြစ် ရှုမြင်ခဲ့ကြပြီး စစ်တပ်သည်လည်း ၎င်း၏ ဩဇာအာဏာသည် ကြောက်စရာကောင်းလောက်အောင် ကြီးထွားလာနေပြီဆိုကာ အာဏာသိမ်းယူခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်လည်း သူ၏ညီမဖြစ်သူ ယင်လတ် ရှင်နာဝပ်သည်လည်း ရှပ်နီ၊ ရှပ်ဝါ အကွဲအပြဲများကြားတွင် နောက်တကြိမ် စစ်တပ်၏ အာဏာသိမ်းခြင်း ခံခဲ့ရပြန်သည်။

သက်ဆင်သည် ခွန်ဆေထာအား ကြားခံပြီး ထိုင်းအုပ်ချုပ်ရေး အသိုက်အဝန်း၏ အကျိုးစီးပွားကို ကိုယ်စားပြုရန် ထိန်းညှိပေးလာဖွယ် ရှိသည်။ ယခင်က သူသည် ဘက်လိုက်မှုကင်းသည့် တရားခွင်မျိုးတွင် အမှုရင်ဆိုင်ရမည် မဟုတ်သဖြင့် ထိုင်းအား မည်သည့်အခါမျှ ပြန်လာမည်မဟုတ်ဟု ပြောခဲ့၍ သူ့အား မျက်ကွယ်တွင် ထောင်ဒဏ် ရှစ်နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယခု ပြည်တော်ဝင်လာခြင်းသည် ဩဇာတက္ကိမရှိသော ဘုရင်နှင့် စစ်တပ် အသိုက်အဝန်းအား ပိုနေမြဲ ကျားနေမြဲ ဆက်၍ရှိရန် အာမခံသည်ဆိုသော အပေးအယူမျိုးနှင့် ပြန်ရောက်လာခြင်း ဖြစ်မည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

ပြီးခဲ့သည့်အပတ်အတွင်း ဖိထားအား ဝန်ကြီးချုပ်အဖြစ် နောက်တကြိမ် အဆိုပြုခွင့်ရရန် အယူခံ တင်သွင်းခဲ့မှုအား ထိုင်းဖွဲ့စည်းပုံတရားရုံးက ပယ်ချခဲ့သဖြင့် မိမိတို့အား ထိုင်း၏ ရှေးရိုးစွဲသမားများဖြစ်သည့် နိုင်ငံရေးသမားများ၊ ကုမ္ပဏီကြီးများနှင့် ဘုရင်အသိုက်အဝန်းမှ မည်သို့မျှ အစိုးရဖွဲ့ခွင့်ပြုမည်မဟုတ် ဆိုသည်မှာ ထင်ရှားနေပြီဟု ပါတီအတွင်းရေးမှူး ချိုင်သာဝပ် တူလာသွန်က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ခွန်ဆေထာသည် ယခင်က ဖိထား၏ ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် လေသံပြောင်းသွားပြီး ‌ဖွေ့ထိုင်းသည် မည်သို့သော အပြောင်းအလဲမျိုးမဆို အခိုင်အမာ ဆန့်ကျင်သွားမည်၊ သို့မဟုတ်က နိုင်ငံရေးပါတီများနှင့် အထက်လွှတ်တော်၏ ထောက်ခံမှုရတော့မည်မဟုတ်ဟု ဆိုသည်။

ခွန်ဆေထာသည် ထိုင်း၏ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီကြီးတခုဖြစ်သော ဆန်ဆီရီကို တည်ထောင်ခဲ့သူဖြစ်ပြီး နိုင်ငံအား တလွဲတချော် စီမံအုပ်ချုပ်နေမှုများကို တွေ့လာရ၍ နိုင်ငံရေးလောကသို့ ဝင်ရောက်ရန် စိတ်အားထက်သန်ခဲ့ခြင်း ဖြစ်သည်ဟု ဧပြီလအတွင်း ရုပ်သံတွေ့ဆုံခန်းတွင် ပြောဆိုသွားခဲ့သည်။ သူသည် နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ ရရှိလာရန်နှင့် ထိုင်းအား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်လိုသူများ၏ ပန်းတိုင် ဖြစ်စေရမည်ဟုလည်း ဆိုသည်။

ထိုင်း ကျေးလက်နေလူထုက သူ့အား သဘောမကျ ဖြစ်နေသော်လည်း ဘန်ကောက်ရှိ လူလတ်တန်းစားများကမူ စီးပွားရေးအား စီမံခန့်ခွဲနိုင်မည့်သူအဖြစ် မျှော်လင့်ချက် ထားနေကြသည်။ သူသည် ထိုင်းတွင် လူတန်းစားမညီမမျှ ဖြစ်နေမှုများအား အခွန်တိုးမြှင့် ကောက်ခံခြင်းဖြင့် ဖြေရှင်းသွားမည်ဟုလည်း ကြွေးကြော်လာခဲ့သည်။

လှစိုးဝေ

ကိုးကား - နယူးယောက်တိုင်းမ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024