DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်း ၆၀၀ နီးပါး ခန့်ရသဖြင့် မာရဝိဇယဘုရား အလှူငွေကောက်ခံရဟု စစ်ကောင်စီပြော
DVB
·
August 22, 2023
ဝန်ထမ်း ၆၀၀ နီးပါး ခန့်ရသဖြင့် မာရဝိဇယဘုရား အလှူငွေကောက်ခံရဟု စစ်ကောင်စီပြော
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင် တည်ထားတဲ့ နေပြည်တော်က မာရဝိဇယဘုရား ဝင်ကြေးကောက်ခံရတာဟာ ဘုရားဝန်ထမ်း ၆၀၀ နီးပါး ခန့်ထားဖို့အတွက် ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ သူရိယနေဝန်းသတင်းဌာနက မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“မာရဝိဇယ ဘုရားကြီးဟာ ဧက ၂၅၅ ရှိတဲ့အတွက် ၁ လကို မီတာခတင် သိန်း ၁,၀၀၀ ကျော်တယ်။ အဲဒါကြောင့် ဝင်ကြေးကောက်တာပါ၊ ဒီလောက်ငွေပမာဏနဲ့ ဘာမှမဖြစ်ပါဘူး။ ဘုရားကိုလှူသလိုပါပဲ။ ဧက ၂၅၅ ဧကရှိတဲ့အတွက် ဝန်ထမ်း ၆၀၀ လောက် ခန့်ရမှာပါ။ အဲ့အတွက်ကြောင့် အလှူငွေကောက်တာပါ။”

ဒါ့အပြင် မာရဝိဇယဘုရား တည်ဆောက်ရာမှာ နိုင်ငံတော်ဘတ်ဂျက်ကို မသုံးစွဲထားဘဲ စစ်တပ်ရဲ့ငွေကြေးနဲ့ လုပ်ငန်းရှင်တချို့ရဲ့ ငွေကြေးနဲ့သာ တည်ဆောက်ထားတယ်လို့ ဆက်ပြောပါတယ်။

မာရဝိဇယဘုရားကို သြဂုတ် ၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ အခမဲ့ဖူးခွင့်ပြုထားပြီး စက်တင်ဘာ ၄ ရက်မှစတင်ကာ လူကြီးကျပ် ၁,၀၀၀၊ ကလေးတဦး (ရင်ခွင်ပိုက်မပါ) ကျပ် ၁,၀၀၀၊ နိုင်ငံခြားသားတဦး 10 USD၊ အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ) ကျပ် ၅,၀၀၀၊ အလှဓာတ်ပုံရိုက်/ဗီဒီယိုအပါ (နာရီဝက်ပိုတိုင်း ကျပ် ၅,၀၀၀) ကျပ် ၅၀,၀၀၀၊ ယာဉ်ဝင်ခွင့် တစီး (ကား parking အထိ) ကျပ် ၂၀,၀၀၀၊ Buggy တစီး (လေးယောက်စီး) တနာရီ ကျပ် ၁၀,၀၀၀ ကောက်ခံမှာလို့ ထုတ်ပြန်ထားပါတယ်။

ငွေကြေးကောက်ခံမှုကို အပျော်ရိုက်ကင်မရာ(ဖုန်း)အတွက် ပြန်လည်ပယ်ဖျက်ခဲ့ပြီး ရဟန်းသံဃာ၊ သီလရှင်တွေနဲ့ ကျောင်းသား ကျောင်းသူတွေကို အခမဲ့ ဖူးမြော်ခွင့်ပေးသွားမှာ ဖြစ်သလို ဝန်ထမ်းတွေကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံပေးသွားမယ်လို့လည်း ပြင်ဆင်ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၁၈ ခုနှစ်မှာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာမှာ တွေ့ရှိခဲ့တဲ့ ၆၅ ပေရှိတဲ့ စကျင်ကျောက်ကို ဘုရားအဖြစ် ထုလုပ်ကိုးကွယ်ပြီး မာရဝိဇယ အမည်မှည့်ခဲ့တာ ဖြစ်ပါတယ်။

အလေးချိန် ၅,၂၉၂ တန်ပြီး ၆၅ ပေရှိတဲ့ စကျင်ကျောက်တုံးကြီးကို ၂၀၁၉ ခုနှစ်မှာ တူးဖော်ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်မှာ လေးပိုင်းခွဲကာ နေပြည်တော်ကို သယ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လအတွင်း ထုလုပ်ပြီးစီးကာ သြဂုတ် ၁ ရက်မှာ ရေစက်ချခံတာ ဖြစ်ပါတယ်။

နိုင်ငံအတွင်းမှာ ပြည်သူတွေ စားဝတ်နေရေးခက်ခဲပြီး ကုန်စျေးနှုန်းကြီးမြင့်တာ၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာ၊ ခိုးဆိုးလုယက်မှုတွေ ကြုံနေရချိန် ငွေကျပ် ဘီလီယံချီ အကုန်အကျခံကာ မာရဝိဇယဘုရား တည်ဆောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်မှာ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013