
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၉၆၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၃၈၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြ ပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၈၇၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၁၆၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၉၈ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၁ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၅၁၅ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ် ၂၂ ရက်အထိ တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၄၃ ယောက်၊ စုစုပေါင်း ၅၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါကာလတွေအတွင်း တနင်္သာရီတိုင်းမှာ စစ်အုပ်စုက ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး ၆၆ ယောက်နဲ့ အမျိုးသား ၈၇ ယောက်၊ စုစုပေါင်း ၁၅၃ ယောက် ရှိပြီး အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ တရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး ၆ ယောက်၊ အမျိုးသား ၁၀ ယောက် စုစုပေါင်း ၁၆ ယောက် ရှိခဲ့တယ်လို့ ဆို ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ကလည်း တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်အုပ်စုတပ်က ၁၂၀ မမ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရာ လက္ကူးကျေးရွာထဲကို ကျရောက်ပေါက် ကွဲခဲ့တာကြောင့် အသက် ၇၅ နှစ်အရွယ် ဒေါ်သန်းကြည်ဟာ လည်ပင်းကို လက်နက်ကြီးကျည်စထိမှန်ကာ နေရာတင် သေဆုံးခဲ့ပြီး ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။