DVB Logo
Home
မြန်မာသတင်း
ခင်ဦး ဒေသခံများ စစ်ဘေးရှောင်၊ မြင်းမူဒေသခံ ၁ ဦး လက်နက်ကြီးမှန် သေဆုံး၊ မြိုင်မြို့နယ်၌ စစ်တပ်က ရွာမီးရှို့ 
DVB
·
August 22, 2023
ခင်ဦး ဒေသခံများ စစ်ဘေးရှောင်၊ မြင်းမူဒေသခံ ၁ ဦး လက်နက်ကြီးမှန် သေဆုံး၊ မြိုင်မြို့နယ်၌ စစ်တပ်က ရွာမီးရှို့ 
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့တောင်ဘက် ကျေးရွာတွေကို သြဂုတ် ၂၂ ရက်မနက်က ခမရ ၃၆၁ အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် နီးစပ်ရာကျေးရွာတွေက ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွက ပြောပါတယ်။

ခင်ဦး တောင်ဘက်ရှိ လောင်းရှည်ရွာကြီး၊ လောင်းရှည်ရွာသစ်၊ လက်ပံလှ၊ ချောင်းဆုံ၊ သံဘို၊ ကျီးကန်၊ ရေအေးကုန်း စတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ မိုးစပါးစိုက်ပျိုးချိန် စစ်ကြောင်းထိုးလာတာကြောင့်  ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းမှာလည်း သြဂုတ် ၂၂ ရက် မနက်က စစ်ကောင်စီတပ်က ကားကြီး ၄ စီးနဲ့ ရေဦးမူးမြစ်ကူးတံတားမှ အင်းပတ်ကွေ့ကို အင်အား ၁၀၀ ကျော်လာချသွားတာကြောင့် နီးစပ်ရာကျေးရွာတွေက ပြည်သူ ၄၀၀၀ ကျော် မိုးထဲရေထဲ ထွက်ပြေးနေရတယ်လို့ ခင်ဦးအနောက်ဘက် ဒေသခံတဦးက ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်း လက်ရှိ မိုးစပါး(ရွှေဘိုပေါ်ဆန်းခေါ်ဘေးကြား)စိုက်ပျိုးချိန်မှာ စစ်ကြောင်းထိုးလာတာကြောင့် စုစုပေါင်း ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၈၀၀၀ ကျော်ဟာ စပါးမစိုက်ပျိုးနိုင်တော့ဘဲ အသက်ဘေးလွတ်ရာ ပြေးနေရတာလို့ ဒေသတွင်းကူညီရေးအဖွဲ့တွေက ပြောပါတယ်။

သြဂုတ် ၂၁ ရက်ကလည်း အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ ခင်ဦးမြို့ဝန်းကျင်တဝိုက် စစ်ကြောင်းထိုးပြီး ဒေသခံအချို့ကို ဖမ်းဆီးပြန်လွှတ်ပေးခဲ့ပေမဲ့ တောင်သူ ဒေါ်ဌေးနဲ့ ဒေါ်ခင်မာလာ တို့ကတော့ ပြန်မလွတ်သေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မူးမန္တလေးရွာမှာတော့ သြဂုတ် ၂၁ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ရေချိုးနေတဲ့ အမျိုးသမီးတယောက် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"ညောင်ပင်ရှည်ရွာ သင်္ချိုင်းကနေ စစ်တပ်က လက်နက်ကြီး သုံးလုံးပစ်တာ၊ တလုံးက သူ့ရှေ့ကျတာ၊ အောက်ပိုင်းတခုလုံး စုတ်ပြတ်သွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးကြောင့် မူးမန္တလေးရွာက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦး ခြေထောက်နှစ်ဖက်ပြတ်ပြီး ခါးမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း သြဂုတ် ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ကျေးရွာ ၂ ရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ် တောင်ဦးရွာဘက်ကနေ ပြည်သူ ၃၀ ကျော်လောက်ကို ဖမ်းဆီးလာတဲ့ အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သြဂုတ် ၂၀ ရက် မနက် ၃ နာရီကျော်လောက်မှာ မြိုင်မြို့နယ် ရွှေလင်းဆွဲ ကျေးရွာကို ဝင်ရောက်လာပြီး ပြည်သူ ၂၀၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ ​ထန်းဘုန်းတောရွာ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေကို အတင်းအဓမ္မယူဆောင်တဲ့အပြင် မန္တလေးကိုတင်ပို့ဖို့ လုပ်ထားတဲ့ နှမ်းကား ၆ ဘီးကားတစီး အပြည့်ကိုလည်း မတရားသိမ်းယူ မောင်းနှင်သွားကာ ပြည်သူတွေကိုလည်း ကန်နီရွာဘက်ကို ဖမ်းခေါ်သွားကြတယ်လို့ ဆိုပါတယ်။

တောင်ဦးဘက်ကနေ ဖမ်းလာတဲ့သူတွေရော၊ ရွှေလင်းဆွဲရွာဘက်က ဖမ်းဆီးခံရတဲ့ ပြည်သူတွေပါ လက်ရှိအချိန်ထိ ပြန်မလွတ်သေးဘဲ သူတို့နဲ့ အဆက်သွယ်ရရှိနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံက​ ပြောပါတယ်။

အဲဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မွန်းလွဲ ၁ နာရီလောက်မှာ လက်ထုတ်တောကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ ပြည်သူတွေရဲ့ နေအိမ် ၁၄ လုံး မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံက ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကန်နီရွာမှာ ညအိမ်စခန်းချပြီး သြဂုတ် ၂၁ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ကန်နီရွာရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ထန်းဘုန်းတောကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ အိမ်ခြေ ၂၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေကို အဓမ္မယူဆောင်သွားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအခြေနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ငွေကြေး၊ အဖိုးတန်ပစ္စည်းတွေကို အဓမ္မယူဆောင်နေကြသလို အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်လေ့ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013