Home
မြန်မာသတင်း
မင်းကင်း စစ်ဘေးရှောင်စခန်းရှိ ကလေးငယ်များ အနာစိမ်းပေါက်ပြီး ဆေးဝါးအကူအညီ လိုအပ်
DVB
·
August 22, 2023

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ ကလေးငယ်တိုင်းလိုလို အနာစိမ်းပေါက်တာတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုနေတယ်လို့  မင်းကင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေတဲ့ ပြည်သူတွေထံကနေ သိရပါတယ်။

အဆိုပါစစ်ရှောင်စခန်းတွေမှာ နေထိုင်နေတဲ့ စစ်ရှောင်အများစုဟာ စစ်အာဏာသိမ်းပြီးချိန်က စလို့ ဒီနေ့အချိန်အထိ နေရပ်စွန့်ခွာ‌နေကြတာဖြစ်ပါသိရပါတယ်။

မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာသူတဦးက “ကျမတို့ရွာတွေက စစ်ကောင်စီ ထောက်ခံတဲ့ ပျူတွေ အရမ်းများတယ်။ ကျမတို့ နေရပ်စွန့်ခွာလာသူတွေက အန်အယ်လ်ဒီပါတီ ထောက်ခံသူတွေဆိုတော့ ရွာကနေ ထွက်ပြေးခဲ့ရတာပေါ့။ ကလေးတွေကခန္ဓာကိုယ်တွေမှာ အခုရက်ပိုင်းအတွင်း အဖု အပိမ့်တွေ အရင်ထွက်လာတယ်။ နောက်တော့ အဲဒီ အဖု အပိမ့်တွေကနေ အနာစိမ်းတွေ ဖြစ်လာတာပဲ။ ဘာလို့ဖြစ်ရတာလဲဆိုတော့ တောတွေ၊၊ တောင်‌တွေထဲ ခြင်ကလည်း အရမ်းကိုက်တယ်။ နောက်ပြီး သောက်‌ရေကလည်း မိုးရာသီဖြစ်တော့ ဖက်စွတ်ရေတွေလည်း သောက်လို့ ဖြစ်တာလို့ ကျမတို့က ထင်တာပေါ့နော်။‌ ဆေးကုသတဲ့ အပိုင်းကျတော့လည်း ဆရာဝန်က မရှိဘူး။ ဆေးဝယ်ဖို့ရာကျတော့လည်း မင်းကင်းမြို့ကို သွားရတာဆိုတော့ စစ်ကောင်စီက ဆေးဝါးဝယ်ပြီး သယ်တဲ့သူဆိုရင် ဖမ်းတယ်။ ဟိုနေ့ကလည်း မင်းကင်းကနေ သောက်ဆေးဝယ်ပြီး သယ်လို့ ကျမအစ်ကိုတယောက် စစ်ကောင်စီရဲ့ ထိုးကြိတ်ရိုက်နှက်တာ မျက်လုံးမကန်းရုံတမယ်ပဲ။ အနာစိမ်းပေါက်တဲ့ ကလေးငယ် ဘယ်လောက်လောက်ရှိလဲ ဆိုတော့ စစ်ရှောင်စခန်းတိုင်းက ကလေးတိုင်း ပြောပါတော့ရှင်။ လောလောဆယ်ကတော့ ရွာဓလ့၊ ရပ်ဓလေ့ လုပ်ပေးတဲ့အတိုင်း ဆေးမြီးတို (ဗိန္ဒောဆေး) နဲ့ပဲ သက်သာရုံ လုပ်‌ပေးနေရတယ်” လို့ ပြောပါတယ်။

စစ်ရှောင်အများစုဟာ စစ်တပ်ထောက်ခံပြီး ပျူစောထီးအများစု‌ နေထိုင်ရာ တောင်ဖြူ၊ ပန်းဆက်၊ ကျောက်ခဲတက် စတဲ့ ကျေးရွာက ဒေသခံပြည်သူအများစု ဖြစ်တယ်လို့လည်း သိရပါတယ်။

မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစလို့ အင်တာနက်နဲ့ ဆက်သွယ်ရေး ဖုန်းလိုင်းတချို့ ဖြတ်တောက်ခံထားရပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေတာလို့လည်း ဒေသခံပြည်သူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024