DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား နာနတ်သီးဈေးကွက် ရာသီကုန်ချိန်ထိ ဈေးကောင်းရနေ
DVB
·
August 22, 2023
မြစ်ကြီးနား နာနတ်သီးဈေးကွက် ရာသီကုန်ချိန်ထိ ဈေးကောင်းရနေ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရဲ့ နာနတ်သီးစျေးကွက်ဟာ ရာသီကုန်လု နောက်ဆုံးအပိတ်ဘက် ဖောက်သည်စျေး အရောင်းစျေးတွေဟာ အရင်နှစ်တွေမှာ မကြားဖူးခဲ့တဲ့ စျေးနှုန်းတွေထိ ရောက်ရှိခဲ့ပြီး တလုံး ကျပ် ၁၀,၀၀၀ ထိ စျေးရနေတယ်လို့ သိရပါတယ်။

နာနတ်သီးရောင်းသူတဦးက “နာနတ်သီးစျေးက အရမ်း‌မြောက်သွားတယ်။ အရင် ကိုဗစ်ကာလတုန်းက တလုံး ၅၀ ကျပ်တန် နာနတ်သီးတွေက ခု ၁၀,၀၀၀ ဖိုး ၇ လုံးပဲရတယ်။ အရင် ၃၅၀ တန် အလုံးတွေက ခု ၁၀,၀၀၀ ဆို ၃ လုံး၊ အဲလိုစျေးတွေ ဖြစ်ကုန်တယ်။ ၂,၅၀၀ တန်တလုံးက ခု ၁၀,၀၀၀” လို့ ပြောပါတယ်။

နာနတ်သီးရာသီ ကုန်လုအချိန်လည်း ဖြစ်တာမို့ နာနတ်သီးစျေးတွေက ကြိုက်စျေးခေါ်လို့ရတဲ့ အနေအထားဖြစ်သလို စားသုံးသူတွေကလည်း ရာသီတခုရဲ့ နောက်ဆုံးသီးတွေကို ဓာတ်စာတခုအနေနဲ့ အလုအယက် ဝယ်ယူစားသောက်နေကြတာပါ။

“အရင်က တလုံး ၃၀ ကျပ်လောက် ရောင်းရတဲ့ အလုံးတွေက ခုချိန်မှာ တလုံး ၂၀၀ လောက်ရတယ်။ ရုပ်ထွက်မလှတဲ့ အလုံးသေး ကတုံးသီး သကြားသီးတွေအစ မကျန် အကုန်ရောင်းရတယ်။ အရင်ဆို နာနတ်ယိုတွေ ထိုးပစ်ရတဲ့အလုံးတွေ ဒီနှစ်တော့မကျန်ဘူး” လို့ နာနတ်ခြံစိုက်​တောင်သူတဦးက ပြောပါတယ်။

ဒီလို နာနတ်သီးစျေး ပို‌မြောက်သွားတဲ့အချက်က စစ်ကောင်စီက မြစ်ကြီးနား-ဗန်းမော် ကားလမ်းကို ဖြတ်သန်းခွင့်မပြုတော့တဲ့အတွက် ဗန်းမော်ဘက်က နာနတ်သီးတွေ မဝင်တော့တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ စားသုံးသူတဦးက ထင်မြင်ချက်ပေးပါတယ်။

မြစ်ကြီးနားမြို့ပေါ် စားသုံးသူတွေအပြင် နယ်ဝေးကိုပို့ဖို့ လာရောက်ဝယ်ယူသူတွေကိုလည်း တွေ့မြင်ရပါတယ်။

“ဒါတွေက ဖားကန့်ကို တင်ရမှာ။ ခုလာယူတော့မှာမို့ စောင့်နေတာ။ ခေါင်သီးတွေဆိုတော့ တလုံး ၁၀,၀၀၀ ပါ။”

နာနတ်တောင်သူတွေကတော့ နာနတ်သီးရာသီ အဖွင့်ကောင်းခဲ့သလို ရာသီကုန်ခါနီးထိ နာနတ်သီး ဈေးကောင်းလာတာက အဆမတန်ကြီးမြင့်တဲ့ ငွေကြေးဖောင်းပွမှုတွေရဲ့ ရိုက်ခတ်မှုရလဒ် တခုလည်းဖြစ်နိုင်တယ်လို့ နာနတ်ဈေးကွက်က ကြားသိရပါတယ်။

မြစ်ကြီးနားရဲ့ နာနတ်သီးဈေးကွက်က ရာသီကုန်ချိန်ထိ ရောင်းပန်းလှ အရောင်းသွက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013