DVB Logo
Home
Lead Story
တအိအိပြိုကျလာနေသော စစ်ကောင်စီနှင့် မျက်ခြည်မပြတ်ဖွယ် အခြေအနေကြီး သုံးရပ်
DVB
·
August 22, 2023
တအိအိပြိုကျလာနေသော စစ်ကောင်စီနှင့် မျက်ခြည်မပြတ်ဖွယ် အခြေအနေကြီး သုံးရပ်
Donate to DVB

လက်ရှိ စစ်ရေးအခြေအနေကတော့ စစ်ကောင်စီအနေနဲ့ ကျဆုံးခန်းရောက်လာစပြုနေပြီဆိုတာ မြေကြီးလက်ခတ်မလွဲ လေ့လာတွေ့ရှိနေရပြီပဲ ဖြစ်ပါတယ်။ ပြည်သူတွေက မွေးဖွားပေးလိုက်တဲ့ တော်လှန်ရေးတပ်တွေဟာ စစ်ရေးအရ စစ်ကောင်စီကို ဘက်ပေါင်းစုံကနေ ထိုးနှက်လာနေပြီး အင်အားအလုံးအရင်းထုနဲ့ ထိုးစစ်ဆင်ဖို့ စိုင်းပြင်း ပြင်ဆင်လာစပြုပြီ ဆိုတာကိုလည်း အားတက်ဖွယ် အသိပေးလိုပါတယ်။

ပြီးခဲ့တဲ့ရက်တွေကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အသီးသီးရဲ့ ခေါင်းဆောင်တွေက မီဒီယာကနေတဆင့် ပြည်သူလူထုကို အသိပေးခဲ့တဲ့အထဲက ကောက်နုတ်ရရင် တော်လှန်ရေးဟာ ကျိန်းသေမုချ အောင်မြင်လိမ့်မယ်ဆိုတာ အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ကြတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ငါးနှစ်တာမျှ တင်းပြည့်ကျပ်ပြည့် ခံစားလိုက်ရတဲ့ ပြည်သူနဲ့ လူငယ်မျိုးဆက်တွေကို အထင်သေးစွာနဲ့ နိုင်ငံ့အာဏာကို မတရားရယူ သိမ်းလိုက်ကြတဲ့ စစ်ကောင်စီဟာ ပြင်မရနိုင်တဲ့ အမှားနွံထဲ မိုက်မိုက်ကန်းကန်း ခုန်ဆင်းလျက်သား ဖြစ်သွားပြီလို့ ဆိုရပါမယ်။

စစ်အာဏာသိမ်းမှု ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ သီအိုရီတွေ သုံးသပ်ချက်တွေ အမြောက်အမြား ရှိပြီးသားမို့ ဇာချဲ့မပြောတော့ပါဘူး။

စစ်ကောင်စီဟာ ဘာကြောင့် ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်းတရပ် ဖြစ်လာရလဲ ဆိုတာကတော့ ပြည်တွင်းစစ်ရေးပဋိပက္ခ မြင့်မားလေ့ရှိတဲ့ နိုင်ငံတွေမှာ စစ်တပ်ကို အားကောင်းအောင် တည်ဆောက်လေ့ရှိသလို စစ်တပ်ကပုံသွင်းတဲ့ နိုင်ငံရေးသဏ္ဌာန် (စစ်ကောင်စီ မကြာခဏ ရည်ညွှန်းလေ့ရှိတဲ့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍ) ဟာလည်း တဖြည်းဖြည်း ခိုင်မာလာလေ့ ရှိတတ်ပါတယ်။ မြန်မာစစ်တပ်ဟာ လွတ်လပ်ရေးရစ အခြေအနေကနေ ၁၉၉၀ ပြည့်နှစ်လောက်ထိ စစ်ရေးအားကောင်းမှုရှိနေဆဲဖြစ်ပြီး သည့်နောက်ပိုင်းမှာတော့ တပ်ခေါင်းဆောင်များရဲ့ တပ်တည်ဆောက်ရေး စိတ်မဝင်စားမှုကြောင့် တိုက်ခိုက်နိုင်စွမ်းရည် ကျဆင်းလာခဲ့သလို ခေတ်မီ စစ်လက်နက်ပစ္စည်းများနဲ့ ကျားကန်ထားရတဲ့ အခြေအနေ ရောက်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံ့အာဏာ မတရားရယူသိမ်းမှုကြောင့် ပြည်သူတရပ်လုံးရဲ့ ဖက်ဒရယ်ဒီမိုကရေစီ လိုလားတောင့်တတဲ့ ခုခံတော်လှန်စစ်ဟာ မြန်မာစစ်တပ်ကို မျက်လုံးပြူးစေခဲ့ပြီး အပြင်းအထန် ဖိနှိပ်နှိမ်နင်းနေရတဲ့ အခြေအနေ ဖြစ်လာပါတယ်။

EROs များက သင်တန်းပေးလိုက်တဲ့ PDF တွေရဲ့ ပြောက်ကျား တိုက်ခိုက်ရေးစွမ်းရည်ဟာ ကာလတိုအတွင်း တဟုန်ထိုး တိုးတက်လာခဲ့ပြီး သမ္ဘာရင့် မြန်မာစစ်တပ်ကို မြေပြင်မှာ အလူးအလဲ ဖြစ်စေခဲ့ပါတယ်။ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေရဲ့ ဖွဲ့စည်းပုံ သုံးပုံတပုံ ပျက်သွားသည်အထိ စစ်ရေးအရ အောင်မြင်မှုရခဲ့တာပါ။ ဒီအခြေအနေဟာ မြန်မာစစ်တပ်ကို စေ့စပ်ဆွေးနွေးရေး (Negotiation) လမ်းကြောင်းပေါ် သွားဖို့ စစ်ရေးတွန်းအား (Leverage of War) လည်း ဖြစ်ပါတယ်။ တွန်းအားအမျိုးမျိုး ရှိကြတဲ့အထဲမှာ (Carrots and sticks) ဆိုတဲ့ တွန်းအားက နာမည်ကြီး ရေပန်းအစားဆုံး ဖြစ်ပါတယ်။

Carrots ဆိုတာ အပြုသဘောဆောင်တဲ့ အကျိုးစီးပွားမက်လုံး (positive inducement) ဖြစ်ပြီး အကြမ်းဖက် မြန်မာစစ်တပ်က တပ်မက်တန်ဖိုးထားတဲ့ အရာတွေကို မက်လုံးအဖြစ်ပေးကာ စေ့စပ်ဆွေးနွေးမှုလမ်းကြောင်းပေါ်  ရောက်လာအောင် မျှားခေါ်ရတာ ဖြစ်ပါတယ်။ Carrots မှာ နိုင်ငံတကာ တရားဝင်မှု၊ အပစ်အခတ်ရပ်စဲရေး၊ နှစ်ဖက်တင်းမာမှု လျှော့ချရေး၊ စီးပွားရေးအခွင့်အလမ်း စသဖြင့် ပါဝင်ပါတယ်။ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ NUCC, NUG နဲ့ စစ်မှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းများကို မျက်ကွယ်ပြုပြီး ပုလင်းတူဘူးဆို့ လက်နက်ကိုင်အဖွဲ့များကိုသာ စေ့စပ်ဆွေးနွေးရေး ဖိတ်ခေါ်ခဲ့ပါတယ်။ တက်ရောက်တဲ့ အဖွဲ့များကလည်း မင်းအောင်လှိုင် မက်လုံးပေးတဲ့ စီးပွားရေးအခွင့်အလမ်းကို အာသာငမ်းငမ်း ရယူခဲ့ကြ ရယူကြဆဲဖြစ်ပြီး ပုလင်းတူဘူးဆို့များရဲ့ ဖက်လှဲတကင်း စေ့စပ်ဆွေးနွေးရေးသာ ဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေမှာ NUCC, NUG နဲ့ စစ်မှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းများဟာ Sticks ဆိုတဲ့ ခပ်နာနာရိုက်ချက်တွေအဖြစ် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အသက်မဝင်အောင် တိုက်ဖျက်မှု၊ CDM စွမ်းအား၊ စစ်ရေးအသာစီး တဖြည်းဖြည်း ရယူလာမှုတွေ တိုးမြှင့်လုပ်ဆောင်ထားနိုင်ဖို့ လိုအပ်လာသလို လုပ်ဆောင်နိုင်စပြုလာတာလည်း လေ့လာတွေ့ရှိလာရပါတယ်။ လက်ရှိအခြေအနေဟာ အကြမ်းဖက်စစ်တပ် တောင့်ခံထားနိုင်ဆဲ အခြေအနေဖြစ်ပြီး စစ်ကောင်စီရဲ့ စိုးရိမ်ရေမှတ်ကို ရောက်အောင်လုပ်ဖို့ လိုအပ်နေသေးဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ NUCC, NUG တော်လှန်ရေးအဖွဲ့အစည်းများကို မဖြစ်မနေ စေ့စပ်ဆွေးနွေးရေး ဖိတ်ခေါ်လာရတော့မယ့်အချိန်မှာ တော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို Carrots ဆိုတဲ့ အကျိုးစီးပွားမက်လုံးမျိုး ပေးမလား မပေးဘူးလား ဆိုတာ ဝိဝါဒ ကွဲပြားကြဦးမှာလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ ပဋိပက္ခပြီးဆုံးချိန် နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ humanitarian crimes တွေအတွက် ခုံရုံးတင် အရေးယူခံရမှာမျိုး ကြောက်လန့်ကြလေ့ရှိပြီး လွတ်ငြိမ်းခွင့်မပေးရင် အာဏာကို အတင်းအကျပ် ဆက်လက်ရယူထား အမိအရ ဆုပ်ကိုင်ထားလေ့ ရှိပါတယ်။

သတိပြုသင့်တာက တော်လှန်ရေးရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်း အသီးသီးဟာ စစ်ကောင်စီက စေ့စပ်ဆွေးနွေးရေး လေသံမဟခင် ထည့်သွင်းစဥ်းစားဖွယ် လေ့လာရမယ့် အခြေအနေကြီး သုံးရပ်ရှိပါတယ်။

ဒါတွေကတော့ နိုင်ငံတကာက မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်အပေါ်  ဖိအားပေးမှု အခြေအနေ၊ ပြည်သူလူထုက စေ့စပ်ဆွေးနွေးစေလိုမှု (သို့) အပြီးသတ် ဖြိုချပစ်စေလိုမှု အခြေအနေ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ပကတိအခြေအနေ စတဲ့ အခြေအနေကြီးသုံးရပ်ကို မျက်ခြည်မပြတ် လေ့လာနေဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။

ဒီအခြေအနေကြီးသုံးရပ် အပေါ်မှာမှ အခြေခံပြီး စဥ်းစားချမှတ်တဲ့ နိုင်ငံရေး စစ်ရေးအရ အဂ္ဂမဟာဗျူဟာက အကြမ်းဖက်စစ်ကောင်စီရဲ့ နောက်ဆုံးထွက်သက် ဖြစ်သွားအောင် စွမ်းဆောင်နိုင်မလား ဆိုတာကတော့ . . . . . ။

မောင်မိုးမာန်

(မောင်မိုးမာန်သည် ပြည်သူ့ခုခံတော်လှန်စစ်တွင် ကျရာအခန်းကဏ္ဍမှ ပါဝင်တော်လှန်နေသည့် နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ လူငယ်တဦး ဖြစ်သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013