DVB Logo
Home
မြန်မာသတင်း
စစ်တပ် သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၉၆၅ ဦးထိ မြင့်တက်
DVB
·
August 21, 2023
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၉၆၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၃၇၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၈၅၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၁၄၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၉၈ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၁ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၅၁၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုတွေအရ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားနေထိုင်ရာ အရပ်ဒေသတွေကို ပစ်မှတ်ထားကာ စစ်ကြောင်းထိုးတာ၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေကြတာကြောင့် ပြည်သူတွေဟာ နေထိုင်ရာဒေသတွေကို စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ အေအေပီပီက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်ကနေ ၂၀ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာစည်ကျေးရွာကို အင်အား ၂၀၀ ကျော် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ကြပြီး နေအိမ် ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ ၃,၀၀၀ နီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို အင်အား ၈၀ ကျော်ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်က စစ်ကြောင်းထိုးခဲ့တာကြောင့် ကျခတ်ကျေးရွာ၊ ပျံကျကျေးရွာ၊ နှဘဲလှကျေးရွာ၊ ပုဂံကျေးရွာ၊ လတ်တီးကျေးရွာ၊ ခွန်တောင်းကျေးရွာ၊ နှောပင်ကျေးရွာ၊ ငြိမ်းချမ်းရွာသစ်ကျေးရွာ၊ ဂွေးပင်ကုန်းကျေးရွာ၊ မင်းတဲကုန်းကျေးရွာနဲ့ မကျည်းစောက်ကျေးရွာ အပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံ ၁၀,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013