DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဆန်ချောစျေးနှုန်းများ ဆက်လက်မြင့်တက်
DVB
·
August 21, 2023
ပြည်တွင်းဆန်ချောစျေးနှုန်းများ ဆက်လက်မြင့်တက်
Donate to DVB

မြန်မာပြည်တွင်း ဆန်ချောတွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းမွေး၊ ကျားပျံရှည်နဲ့ ဧရာဝတီပေါ်ဆန်း စျေးနှုန်းတွေဟာ ၂ ရက်အတွင်း ဆန်တတင်းကို ကျပ် ၈,၀၀၀ မှ ကျပ် ၁၁,၀၀၀ အထိ မြင့်တက်လာတယ်လို့ ဆန်ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေက ပြောပါတယ်။

ဝါးတန်းကုန်စည်ဒိုင်စျေးနှုန်းအရ သြဂုတ် ၁၇ ရက် အပိတ်စျေးမှာ ရွှေဘိုပေါ်ဆန်းမွေး တအိတ်ကို ကျပ် ၁၄၀,၀၀၀၊ ကျားပျံရှယ်တအိတ်ကို ကျပ် ၁၂၀,၀၀၀၊ ဧရာဝတီပေါ်ဆန်းမွေး တအိတ်ကို ၁၁၅,၀၀၀ ကျပ်သာ ရှိခဲ့ပါတယ်။

သြဂုတ် ၂၁ ရက် ဝါးတန်းကုန်စည်ဒိုင် အဖွင့်စျေးနှုန်းအရ ရွှေဘိုပေါ်ဆန်းတအိတ်ကို ၁၄၈,၀၀၀၊ ကျားပျံရှယ်တအိတ်ကို ကျပ် ၁၃၁,၀၀၀၊ ဧရာဝတီပေါ်ဆန်းမွေး တအိတ်ကို ကျပ် ၁၂၅,၅၀၀ အထိ မြင့်တက်လာပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ရောင်းဝယ်သူတဦးက “ဆန်ချောစျေးက အပိတ်စျေးနဲ့ အဖွင့်စျေးကို တော်တော်ကွာခြားနေတာ။ ဝါးတန်းကဖွင့်တဲ့စျေးတောင် ၁၀,၀၀၀ နီးပါး တက်ကြတာ။ အပြင်မှာဆို အခုထက်ကို ပိုတက်တာ။ ဝါးတန်းပေါက်တဲ့စျေးနဲ့ အများစုက အလုပ်လုပ်တယ်ဆိုပေမဲ့ သူတို့စျေးနဲ့က ဘယ်မှာမှဝယ်လို့မရဘူး၊ ၃,၀၀၀ လောက် ကွာနေသေးတယ်။ တချို့ဆန်ဆိုင်တွေဆို အရင်းအနှီးမထည့်နိုင်လို့ ပိတ်တောင် ပိတ်လိုက်ရပါပြီ။ အရင်က ဆန်တမျိုးကို ၁၀ အိတ်ထားထားလို့ သိန်း ၅၀ ကုန်မယ်ဆို အခုဆို သိန်း ၁၀၀ ပဲ၊ အရင်းအနှီး ထပ်ထည့်နိုင်တဲ့သူက ပြဿနာမရှိပေမဲ့ မထည့်နိုင်တဲ့သူတွေက ပိတ်ပေါ့။ ဆန်အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဆန်စပါးအသင်းချုပ်က ဆန်စျေးတည်ငြိမ်အောင် ဘုရင့်နောင်ကုန်စည်ဒိုင်နဲ့ ဝါးတန်းကုန်စည်ဒိုင်တို့မှာ အရန်ဆန်တွေ ထုတ်ရောင်းပေမဲ့ ပြည်တွင်းဆန်စျေးကွက်ကို သက်ရောက်မှု မရှိဘူးလို့ ဆန်ရောင်းဝယ်သူတွေက ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်ဆန်စပါးအသစ်တွေ ထွက်ပေမဲ့ အစိုဓာတ်တွေများတာကြောင့် ထုတ်ရောင်းလို့မရတဲ့ အခြေအနေနဲ့ ဆန်အဟောင်းလက်ကျန် နည်းတာကြောင့် ဆန်စျေးက ကျဆင်းဖို့အခြေအနေ မရှိဘူးလို့ လှိုင်သာယာရှိ ဆန်ရောင်းဝယ်ရေးကုန်စည်ဒိုင် ဖွင့်ထားသူတဦးက ပြောပါတယ်။

“ဆန်အသစ်က လက်ရှိအခြေအနေ သုံးလို့ရမှာ မဟုတ်သေးဘူး၊ လှောင်ထားရဦးမှာ။ ဆန်ဟောင်းတွေကလည်း လက်ကျန် တော်တော်ကိုနည်းနေပြီ။ ပြီးတော့ မြန်မာပြည်အထက်ပိုင်းဆို ဆန်လုံးဝပြတ်တောက်နေလို့ ဒီကဆန်တွေ ပို့နေရတာ။ အဓိကကတော့ ကျောက်ဆည်နဲ့ စစ်ကိုင်းပေါ့။ ဆန်စျေးကတော့ ပြောရနည်းနည်းခက်တယ်၊ ဆက်တက်မတက် မသေချာပေမဲ့ ပြန်ကျဖို့တော့မရှိဘူး။ ရွှေဘိုပေါ်ဆန်းကတော့ ဆက်တက်မှာ သေချာတယ်။ မနှစ်က စစ်ကိုင်းမှာ ဆန်စိုက်တဲ့သူ နည်းတယ်လေ။ အခု ဒီတလကျော်အတွင်းမှာပဲ ရွှေဘိုပေါ်ဆန်းက ၃၀,၀၀၀ ကျော်လောက် တက်ထားတာ။”

​ဆန်မာစျေးနှုန်းလည်း နှစ်ရက်အတွင်း ကျပ် ၂,၀၀၀ မှ ၃,၀၀၀ အတွင်း ဆက်လက်တက်နေပြီး ပြည်တွင်းဆန်ကွဲက ဝယ်လိုအားများပေမဲ့ ပစ္စည်းလက်ကျန်မရှိတာကြောင့် အတက်အကျမရှိဘဲ အေးနေပါတယ်လို့ သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆန်စပါး ဒုတိယအများဆုံးစိုက်ပျိုးတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ပွဲတွေကြောင့် ဆန်စပါးစိုက်ပျိုးမှု သိသိသာသာ လျော့သွားတာကြောင့် ဆန်အထွက်နှုန်းနည်းပြီး ဆန်စျေးမြင့်တက်ခဲ့တာ ဖြစ်တယ်လို့ ဆန်စျေးကွက် စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီက ဇူလိုင် ၂၃ ရက်က ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ရိုက်ထုတ်မယ်လို့ ကြေညာပြီးနောက်ပိုင်း မြန်မာငွေတန်ဖိုး ကျဆင်းသွားပြီး ကုန်စျေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

သင့်တင့်မျှတတဲ့ ဆန်ဈေးဖြစ်စေဖို့ ကော်မတီဖွဲ့ပြီး ရန်ကုန်အပါအဝင် နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနဲ့ မန္တလေးတိုင်းတွေမှာ ဆန်သိုလှောင်မှုစာရင်း ကောက်ယူမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013